စစ်တပ်ဟာ အရပ်သားတွေကို အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော

စစ်တပ်ဟာ အရပ်သားတွေ အပေါ်မှာ အပြင်းအထန် တိုက်ခိုက်နေသလို ခုခံတိုက်ခိုက်နေသူတွေကိုလည်း တိုးမြှင့် ချေမှုန်းနေပြီး ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ပြောပါတယ်။
နိုလင်းဟေဇာက ဇွန် ၁၃ ရက်နေ့မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အလွတ်သဘော တင်ပြရာမှာ အဲဒီလို ထည့်သွင်းပြောကြားခဲ့ပါတယ်။
ကျေးရွာတွေ မီးရှို့ ဖျက်ဆီးခံရပြီး နိုင်ငံတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေလည်း တိုက်ခိုက်ခံနေရတယ်လို့ လည်းပြောပါတယ်။
အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုမျိုးနဲ့ နိုင်ငံသားတွေအနေနဲ့ နိုင်ငံရေး အခွင့်အရေးကို လွတ်လပ်စွာ အသုံးချခွင့် မရရင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေ ပိုမို ကျယ်ပြန့်လာမယ်လို့ လည်း နိုလင်းဟေဇာကပြောပါတယ်။
သူ့အနေနဲ့ လူသားချင်း စာနာမှုနဲ့ အကာအကွယ် လိုအပ်ချက်၊ အရပ်သား အုပ်ချုပ်ရေးကို ပြန်လည် ရောက်ရှိရေး၊ ထိရောက်ပြီး ဒီမိုကရေစီ နည်းကျ အုပ်ချုပ်မှုနဲ့ ရိုဟင်ဂျာတွေ အတွက် ရေရှည် ဖြေရှင်းချက်ဆိုတဲ့ ကိစ္စလေးခုကို အဓိကထား ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။
မြန်မာ လူထုရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ လူပေါင်း ၁၄ ဒသမ ၄ သန်း ဟာ အခု လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ဆိုပါတယ်။
နိုလင်းဟေဇာဟာ အခုအချိန်ထိ စစ်အုပ်စုနဲ့တွေ့ဆုံဆွေးနွေးခွင့်မရသေးပါဘူး။သူ့အနေနဲ့ စစ်အုပ်စုနဲ့တွေ့ဆုံ ဆွေးနွေးခွင့်ရဖို့မျှော်လင့်ကြောင်းပြောပါတယ်။