ယူကရိန်းစစ်ပွဲအချက်အလက်တွေ ဖယ်ရှားခိုင်းတဲ့ ရုရှားအမိန့်ကို Wikipedia ပြန်လည်ချေပ

Photo – Google

Wikipedia ကို ပိုင်ဆိုင်တဲ့ ဝီကီမီဒီယာဖောင်ဒေးရှင်းက ယူကရိန်းကျူးကျော်စစ်ပွဲအချက်အလက်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တဲ့ မော်စကိုတရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခဲ့ပြီး စစ်ပွဲရဲ့အဖြစ်မှန်ကို ပြည်သူတွေသိခွင့်ရှိတယ်လို့ ခုခံပြောဆိုခဲ့ပါတယ်။

စစ်ပွဲအကြောင်း ရုရှားဘာသာနဲ့ရေးသားထားတဲ့ Wikipedia ဆောင်းပါးတွေမှာ မဟုတ်မမှန်သတင်းတွေ ဖယ်ရှားပေးဖို့ ငြင်းဆိုခဲ့တယ်လို့ဆိုပြီး မော်စကိုတရားရုံးက ဝီကီမီဒီယာ ဖောင်ဒေးရှင်းအပေါ် ရူဘယ် ၅ သန်း ဒဏ်ရိုက်ခဲ့ပါတယ်။

ဆောင်းပါးတွေမှာ “ယူကရိန်းကို ရုရှားကျူးကျော်မှု”၊ “ယူကရိန်းကို ရုရှားကျူးကျော်မှုအတွင်း စစ်ရာဇ၀တ်မှုများ” နဲ့ “ဘူချာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း” အကြောင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

ရုရှားသမ္မတပူတင်က “စစ်ပွဲ” ဒါမှမဟုတ် “ကျူးကျော်တိုက်ခိုက်မှု” စတဲ့စကားလုံးတွေကို မသုံးဖို့ တားမြစ်ထားပြီး ရုရှားအနေနဲ့ ယူကရိန်းမှာ အထူးစစ်ဆင်ရေးပြုလုပ်တာဖြစ်တယ်လို့သာ သုံးနှုန်းဖို့ သတိပေးထားပါတယ်။

ဇွန်လ ၆ ရက်က တင်သွင်းခဲ့တဲ့ ဝီကီပီးဒီးယားရဲ့အယူခံက “သတင်းတွေကို ဖယ်ရှားတာဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ” လို့ ငြင်းဆိုပါတယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံးမှာ ဘာသာစကား ၃၀၀ ကျော်နဲ့ ဖတ်ရှုနိုင်တဲ့  ဝီကီမီဒီယာဖောင်ဒေးရှင်းကို ရုရှားမှာ စီရင်ပိုင်ခွင့်မရှိဘူးလို့ ဆိုထားပါတယ်။