စစ်ဘေးသင့်ရွှေဘိုခရိုင်အတွင်း ဖြစ်သလိုစိုက်ပျိုးရတာကြောင့် နွေစပါးအထွက်နှုန်း ထက်ဝက်ကျဆင်းနိုင်

စစ်ဘေးဒုက္ခသည်ဘဝနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အန္တရာယ်ပေးမှုကို ရှောင်တိမ်းရင်း ဖြစ်သလို စိုက်ပျိုးရတာကြောင့် စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်အတွင်း မကြာမီရိတ်သိမ်းတော့မယ့် နွေစပါးအထွက်နှုန်းဟာ ထက်ဝက်လောက်ကျဆင်းနိုင်တယ်လို့ ရွှေဘိုမြို့နယ်အတွင်းရှိ တောင်သူတစ်ဦးကပြောပါတယ်။
 
လာမယ့်ရက်၂၀အတွင်း နွေစပါးရိတ်သိမ်းတော့မှာဖြစ်ပြီး စစ်တပ်ခွင့်ပြုမှသာ ရိတ်သိမ်းစက်အသုံးပြုခွင့်ရနိုင် မှာမို့ ရိတ်သိမ်းမှုအခက်အခဲလည်း ရှိတယ်လို့ သိရပါတယ်။
 
စစ်တပ်ဟာ သူတို့နဲ့အဆင်ပြေတဲ့သူတွေရဲ့ စက်တွေကိုသာ သူတို့လက်ခံတဲ့ရွာတွေက လယ်တွေကို ရိတ်သိမ်း စက်သုံးခွင့်ပေးမှာဖြစ်ကြောင်း သူကပြောပါတယ်။
 
‘စိုက်လို့ပျိုးလို့ အနည်းပဲရှိတယ်။ဘာလို့လဲဆိုတော့ ပြေးလွှားနေကြရတာကိုး။လုပ်မယ့် အလုပ်သမားက ရှားပါး၊လုပ်နိုင်ကိုင်နိုင်တော့လည်း သူတို့က လက်နက်ကြီးတွေနဲ့ ဟိုလိုပစ် ဒီလိုပစ်။လုပ်ရင်းကိုင်ရင်းနဲ့ ပြေးကြရတာပဲ’လို့ သူကပြောပါတယ်။
 
မြေဩဇာဈေး အဆမတန်တက်သလို အကြမ်းဖက်စစ်တပ်က ကိုယ့်ရွာဘက်မလာခင် ဖြစ်သလိုအမြန်စိုက်ရ ခြင်းနဲ့ တချို့မှာ စစ်ဘေးဒုက္ခသည်ဘဝနဲ့ တခြားရပ်ရွာမှာနေရင်း လယ်ပြန်စိုက်ရတာကြောင့် အထွက်နှုန်း သိ သိသာသာကျမှာဖြစ်ကြောင်းသိရပါတယ်။
 
‘စစ်ခွေးတွေနဲ့ပတ်သက်တဲ့လူတွေကတော့ လယ်ဧကအပြည့်စိုက်ရတယ်။ကျန်တဲ့လူတွေကတော့ သူတို့(စစ် တပ်)အလစ်လေးချောင်း၊ချောင်းပြီး မြေဩဇာလေးသွားထည့်လိုက် ဆိုတော့ လယ်ဧကအပြည့်လည်း မစိုက် နိုင်ဘူး’လို့ သူကဆက်ပြောပါတယ်။
 
ပုံမှန်နှစ်တွေမှာ တစ်ဧကတင်း၁၂၀ထွက်လယ်မြေဟာ အခု တစ်ဧက တင်း၈၀ အလွန်ဆုံးပဲထွက်နိုင်မယ်လို့ ဆိုပါတယ်။
 
‘မီးရှို့ခံရတဲ့ ရွာတွေဆို နေစရာအိမ်မရှိဘူး။စားစရာမရှိဘူး။ဆွေမျိုးနီးစပ်ရွာတွေလိုက်နေရင်းနဲ့ မျက်ရည် စက်လက်နဲ့ ကိုယ့်လယ်ကိုယ် စစ်တပ်လစ်တုန်းလာလုပ်ရတယ်။’လို့ ရွှေဘိုမြို့နယ်အတွင်းရှိ နိုင်ငံရေးအကျဉ်း သားဟောင်းတစ်ဦးကပြောပါတယ်။
 
အဲဒီလိုအခြေအနေတွေကြောင့် အခုနှစ်မိုးရာသီမှာ စစ်ကိုင်းတိုင်းအတွင်း စားနပ်ရိက္ခာခက်ခဲမှုများစွာရှိနိုင် တယ်လို့လည်း သူကပြောပါတယ်။
 
‘ကျွန်တော်ဆို လယ်ဧက ၂၀ပိုင်တယ်။ဒီနှစ်နွေစပါးကို ၁၄ဧကလောက်ပဲ ဖြစ်သလို စိုက်လိုက်ရတယ်’လို့ ရွှေ ဘိုမြို့နယ်အတွင်းရှိတောင်သူကပြောပါတယ်။
 
နွေစပါးကို ရွှေဘို၊ခင်ဦး၊ရေဦး၊တန့်ဆည်နဲ့ ဝက်လက်တို့မှာ စိုက်ပျိုးကြပါတယ်။