ပုသိမ်မှာ လမ်းဘေးဈေးသည်နဲ့ ဆိုင်ခန်း ၂၀၀၀ ကျော်ကို စစ်အုပ်စု ဖယ်ရှား

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ လမ်းဘေးဈေးသည်တွေနဲ့ ဈေးဆိုင် ၂၀၀၀ ကျော်ကို ကြိုတင်အကြောင်းကြားတာ မရှိပဲ စစ်အုပ်စု လိုက်လံဖယ်ရှားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇွန်လ ၁၀ ရက်နေ့က စတင်ပြီး ပုသိမ်မြို့အတွင်းရှိ တကောင်းဘုရားလမ်းကနေ အုတ်စီကုန်းလမ်းဆုံ၊ ကွမ်းခြံလမ်းဆုံကနေ ငါးအောက်ချောင်း တံတားထိပ်၊ မရမ်းချိုလမ်းမကြီးနဲ့ ရှင်ပင်ဘုန်းပွင့်လမ်းတလျှောက်၊ ပျဉ်းကတိုးကုန်းနဲ့ ပေါက်ကုန်းလမ်း တလျှောက်၊ မင်းကြီးလမ်းတစ်လျှောက် ၊ပုသိမ်ဆေးရုံရှေ့၊ ကမ်းနားလမ်းနဲ့ ဥမ္မာဒန္တီလမ်းတွေမှာရှိတဲ့ လမ်းဘေးဈေးသည်တွေနဲ့ ဈေးဆိုင်တွေကို လိုက်လံဖယ်ရှားနေတာပါ။
ကြိုတင်အကြောင်းကြားထားတာ မရှိပဲ စစ်တပ် ၊ ရဲတွေနဲ့ ရုတ်တရက်ရောက်လာပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ မီးသတ်နဲ့ စည်ပင်သာယာ အဖွဲ့တွေကို ဆင့်ခေါ်ပြီး ဖယ်ရှားတာလို့ အုပ်ချုပ်ရေး အဖွဲ့ဝင် အချို့ဆီကသိရပါတယ်။
“စစ်သားတွေက သေနတ်တွေ နဲ့ ချိန်ထားတယ်၊ ယာယီအမိုး အကာလေးတွေကိုပါ ၃ နာရီအတွင်း အပြီးဖျက်ပေး ဆိုလို့ ချက်ခြင်းဖျက်ပေး ကြရတယ် အဲဒီနေ့ကဆို ရောင်းရမယ့် ပစ္စည်းတွေ တစ်သိန်းဖိုးလောက် ရင်းထားတာ အလဟသ ဖြစ်ကုန်တယ်”လို့ ဝက်သားဒုတ်ထိုးရောင်းသူတဦးက ပြောပါတယ်။
ပုသိမ်မြို့ကို မြို့တော်အင်္ဂါရပ်နဲ့ ညီညွတ်စေဖို့အတွက် လမ်းဘေးဝဲယာလမ်းနယ်နိမိတ်တွေမှာ ကျူးကျော်နေတဲ့ စားသောက်ဆိုင်၊ စျေးတန်း၊ ကုန်စုံဆိုင်နဲ့ နေအိမ်တဲတွေကို ကျူးရှင်းလင်းရေးအဖွဲ့တွေနဲ့ ရှင်းလင်းနေတယ်လို့ စစ်အုပ်စုရဲ့ ပုသိမ်မြို့ အုပ်ချုပ်မှု စီမံရေးရာအဖွဲ့က သူတို့ရဲ့ ဝါဒဖြန့်ချီရေး လူမှုကွန်ရက်စာမျက်နှာကနေ သတင်းထုတ်ပြန်ထားပါတယ်။
ဇွန်လ ၇ရက်နေ့ကလည်း ဧရာဝတီတိုင်း သာပေါင်းမြို့နယ်အတွင်းရှိ ပုသိမ် – သာပေါင်း ကားလမ်းမကြီးဘေး သဲဖြူရွာကနေ သာပေါင်းမြို့တွင်း ကမ်းနားလမ်း ကြိုဆိုပါ၏ ဆိုင်းဘုတ်အထိ လမ်းနယ်နမိတ်နဲ့ မလွတ်တဲ့ နေအိမ်နဲ့ စျေးဆိုင်အဆောက်အအုံ ၁၅၀၀ ကျော်ကို ဖယ်ရှားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။