ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သချိုင်းအနီးမှာ ဇွန်လ ၉ ရက်နေ့ညက စစ်တောင်း ပရဟိတအသင်းကား ပစ်ခံရမှုဟာ အကြမ်းဖက်စစ်အုပ်စု လက်ချက်သာဖြစ်တယ်လို့ သထုံခရိုင် တပ်မဟာ(၁)PDF တာဝန်ခံက ထုတ်ပြန်ပါတယ်။
ဇွန်လ ၉ရက် ၊ ည ၉ နာရီကျော်မှာ ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာအုပ်ချုပ်ရွာမှာ ဓားထိုးမှုဖြစ်ပွားခဲ့တဲ့ လူနာတွေကို စစ်တောင်းနာရေးကူညီမှုအသင်းကားက ကျိုက်ထိုဆေးရုံကို ပို့ဆောင်ပြီး အပြန် အင်္ဂဘိုကျေးရွာ၊လက်ပံပင်သင်္ချိုင်းရှေ့အရောက်မှာ သင်္ချိုင်းအတွင်း ကင်းပုန်ဝပ်နေတဲ့ စစ်အုပ်စုအဖွဲ့က ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ပစ်ခတ်ခံရတာကြောင့် လူနာတင်ကား လက်နက်ငယ်ကျည်ထိမှန်ခဲ့တဲ့အပြင် ကားပေါ်ပါဓားထိုးခံထားရတဲ့ လူနာမောင်ပြည့်ဖြိုးအောင်ရဲ့ ခါးကို ကျည်ထိမှန်ခဲ့ပါတယ်။
ကားပေါ်ပါလူနာ ကျည်ထိမှန်ခဲ့တာကြောင့် လူနာကို ဆေးရုံကို ပြန်လည်ပို့ဆောင်ချိန် ကျိုက်ထိုမီးသတ်ရုံးအရှေ့ အရောက်မှာသေဆုံးတယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဘက်ကတော့ ဒီပစ်ခတ်မှုဟာ PDFနဲ့ တော်လှန်ရေးအင်အားစုတွေ ပစ်ခတ်တာဖြစ်ပြီး လူနာကျည်ထိမှန် သေဆုံးခဲ့တယ်ဆိုကာ သတင်းမှားဖြန့်ဝေနေတယ်လို့ ပြောပါတယ်။
“စကစ ဘက်က အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး PDF တွေဘက်က လုပ်ပါတယ်ဆိုပြီး သတင်းမှားဖြန့်နေတာကို ကျွန်ုပ်တို့ PDFနဲ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နီးစပ်သူတွေကို မေးမြန်းစုံစမ်းရသလောက် လက်ပံပင်သင်္ချိုင်းမှာ ကင်းပုန်းဝပ်နေတဲ့ စကစတွေက နေ့စဉ်လိုလို အရက်သေစာသောက်စားမူးယစ်ပြီး ပစ်ခတ်မှုများပြုလုပ်နေတာဖြစ်တယ်။ စစ်တောင်းနာရေးကူညီမှုအသင်းကား ပစ်ခတ်ခံရတာကလည်း စကစအဖွဲ့က အော်ဟစ်ဆဲဆိုပြီး ပစ်ခတ်တာဖြစ်တယ်လို့ သတင်းသေချာစုံစမ်းရတယ်”လို့ PDF တာဝန်ရှိသူတစ်ဦးကDNA ကိုပြောပါတယ်။
PDFနဲ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်ပျက်စီးအောင် ပြုလုပ်မှာ မဟုတ်ကြောင်းနဲ့ စစ်အုပ်စု အဖွဲ့တွေရဲ့ ပြည်သူလူထုအပေါ် ကြက်ကလေး၊ ငှက်ကလေးသဖွယ် လွယ်လွယ်နဲ့မတရားသတ်ဖြတ်နေမှုကို လက်တုန့်ပြန်သွားမယ်လို့ဆိုပါတယ်။