ကသာမှာ စစ်ကားတစ်စီး RPG နဲ့အပစ်ခံရ၊၁၅ဦးထက်မနည်းသေတယ်လို့ပြော

စစ်ကိုင်တိုင်း၊ကသာမြို့နယ်အတွင်း စစ်ကားတစ်စီး RPG နဲ့ အပစ်ခံရပြီး ၁၅ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ၉ရက်နေ့ မွန်းလွဲ၂နာရီ၄၅မိနစ်လောက်က ကသာမြို့နယ်၊ပင်းမလွတ်ရွာကနေထွက်လာတဲ့ စစ်ကား၃စီး ၈မိုင်အရောက် ကသာခရိုင် PDFရင်း-(၁)အထူးတပ်ခွဲက လမ်းဘေးနှစ်ဖက်ကနေ RPG၂လက်နဲ့ ညှပ်ထုခဲ့ရာ ကားတစ်စီးကို ညှပ်မှန်ခဲ့ကြောင်း ကသာပကဖ ကထုတ်ပြန်ပါတယ်။
ညနေပိုင်းမှာ သေဆုံးဒဏ်ရာရတဲ့စစ်သားတွေကို ကသာမြို့ထဲ လူနာတင်ကားနဲ့ သယ်လာရာ ၁၅ဦးထက်မနည်း သေပြီး ဒဏ်ရာရသူတွေလည်းများကြောင်း မြို့ခံတွေက သတင်းပို့တယ်လို့ ထုတ်ပြန်ထားပါတယ်။
‘ကျွန်တော်တို့ကသာမြိို့ပေါ်က နယ်ပယ်တိုင်းမှာ သတင်းအရင်းအမြစ်တွေရှိပါတယ်။စိတ်ချရတဲ့ သတင်းပေး ပို့ချက်တွေအရ သေတာ၁၅ဦးထက်မနည်းဘူးဆိုတာ မှန်တယ်’လို့ ကသာမြို့၊ရပ်ကွက်၅နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ဇွန် ၉ရက်နေ့မှာပဲ ကသာမြို့အထက်ဘက်၊ ဝဲကြီးအုပ်စု၊ကျောက်ဖြူချောင်းနားတစ်ဝိုက်မှာလည်း ကသာ ပကဖနဲ့ ပူးပေါင်းတပ်တို့က မိုင်းကွင်းအတွင်းဝင်လာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အသေအပျောက်ရှိတယ်လို့သိရပါတယ်။
ဇွန်လ၉ရက်နေ့ နေ့ခင်း၁၂နာရီခွဲလောက်ကလည်း ကသာမြို့ကနေ ထွက်လာတဲ့စစ် ကားသုံးစီးကို လမ်းခွ အနီး ကသာခရိုင်PDFနဲ့ ပူးပေါင်းတပ်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းမကွဲတာကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။