မြန်မာ့အရေး ရလဒ်ကောင်းတွေထွက်ပေါ်လာအောင် ကုလလူ့အခွင့်အရေးကောင်စီမှာ ချက် ကြိုးပမ်းမယ်

photo- လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
ဂျီနီဗာမြို့မှာ မကြာမီကျင်းပတော့မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအစည်းအဝေးမှာ မြန်မာ့ဒီမိုကရေစီအရေး ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်အောင် အားတက်သရောကြိုးပမ်းသွားမယ်လို့ ချက်နိုင်ငံခြားရေးဒုဝန်ကြီးကပြောကြားလိုက် ပါတယ်။
ဇွန်လ ၉ ရက်နေ့ ၊ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး Mr. Jiri Kozak ဦးဆောင်တဲ့ ချက်နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်တေွနဲ့ ချက် နိုင်ငံခြားရေးဝန်ကြီးဌာန ရုံး၊ Cernin Palace မှာ တွေ့ဆုံစဉ် ဒုဝန်ကြီး က အဲဒီလိုထည့်သွင်းပြောကြားခဲ့ကြောင်း NUG အစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်ပါတယ်။
ချက်သမ္မတနိုင်ငံအနေနဲ့ ယူကရိန်းအရေးလို မြန်မာ့အရေးကို အလေးအနက်ထား ဦးစားပေးကာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း နဲ့ ချက်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒအရ မြန်မာနိုင်ငံအရေးဟာ ဦးစားပေး စာရင်းမှာ ရှိကြောင်း ဒုဝန်ကြီးကပြောပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် တာဝန်ခံမှုရှိစေရေး၊ စစ်ရာဇဝတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခြင်းတွေ အတွက် နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာစေရေးနဲ့ လတ်တလော မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကို ဒု ဝန်ကြီး Mr. Jiri Kozak က ဆွေးနွေးခဲ့ပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ လတ်တလော စိုးရိမ်စရာဖြစ်နေတဲ့ ကြိုးမိန့်ပေး ကွက်မျက်ခံရမယ့်ကိုဂျင်မီ ၊ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦး ကိစ္စ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးနိုင်ရေး၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေရဲ့ လတ်တလော စိန်ခေါ်ခံနေရမှု၊ မြန်မာနိုင်ငံတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ လူမဆန်စွာ ဖမ်းဆီးသတ်ဖြတ်နေခြင်းနဲ့ နေအိမ်တွေ မီးရှို့ခြင်းစတဲ့ ကိစ္စရပ်တွေကို ပြန်လည် ဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲကို ဦးအောင်မျိုးမင်းနဲ့အတူ ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်လည်း တက်ရောက်ခဲ့ပါတယ်။