Rider တွေရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းဖို့ အချိန်တိုတွင်းမဖြစ်နိုင်ဘူးလို့ FoodPanda ပြော

Food panda အနေနဲ့ Rider တွေရဲ့တောင်းဆိုချက်ကိုဖြည့်ဆည်းနိုင်ဖို့ကြိုးပမ်းနေပေမယ့် အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ဆိုင်းပေးဖို့ Food Panda Myanmar ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Panda Rider တွေဟာ ဇွန်လ ၆ ရက်နေ့ကနေစပြီး အလုပ်မဆင်းသပိတ် လှုပ်ရှားနေတာဖြစ်ပြီး စားသုံးသူတွေလည်း ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
“နောက်ဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့စဉ်က Rider တွေတောင်းဆိုခဲ့တဲ့ အချက်တွေကို အဆင့်ဆင့် အကောင် အထည်ဖော်ဆောင်ရွက်နေပြီး Rider တွေရဲ့ တောင်းဆိုချက် အများအပြားကို အကောင်ထည်ဖော် ပြီးပါပြီ။ မြေပုံတွက်ချက်မှု အပါအဝင် တချို့သော တောင်းဆိုချက်တွေ အတွက်တော့ ပြည်ပရုံးချုပ်နဲ့ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းပြင်ဆင်ချက်တွေ ပြုလုပ်ရတာဖြစ်တဲ့အတွက် အချိန်အတိုင်းအတာတစ်ခုထိ ယူပြီး အကောင်ထည်ဖော်ရတာဖြစ်ပါတယ်။ အဲဒီအတွက် စောင့်ဆိုင်းပေးဖို့ Rider တွေကို အသိပေးအကြောင်းကြားခဲ့ပါတယ်။”လို့ Food panda myanmar တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။
ပြင်ဆင်ဆောင်ရွက်နေချိန် ကြားကာလအချိန်မှာ Rider တွေအတွက် အဆင်ပြေစေဖို့ အော်ဒါပို့ဆောင်တဲ့အခါ မြစ်၊ ချောင်း၊ ကန်၊ တံတားတို့ကိုဖြတ်ကျော်ရမယ်ဆိုရင် အော်ဒါကြေးတွေကိုထပ်ဆောင်းထည့်တွက်ပေးမယ့် အစီစဉ်ကို အကောင်ထည်ဖော်ပြီး ပြီးခဲ့တဲ့ မေလ (၁၆) ရက်နေ့မှာ Rider တွေကို အသိပေးခဲ့တယ်လို့သူက ဆက်ပြောပါတယ်။
မတ်လ ၁၉ ရက်နေ့မှာ Rider တွေနဲ့ တွေ့ဆုံခဲ့ပြီး ၀.၅ ကီလိုမီတာ အကွာအဝေးနဲ့အထက်အတွက် အခြေခံ ပို့ဆောင်ခ နှုန်းထားကို ၅၈၀ ကျပ်ကို တိုးမြှင့်ပေးခဲ့ပြီးဖြစ်သလို အခြေခံပို့ခနှုန်းထားအပြင် ပို့ဆောင်ပေးရတဲ့ အကွာအဝေး နဲ့ Panda Rider ရဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီးထပ်ဆောင်း ပို့ဆောင်ခဝင်ငွေလည်း ရရှိနေတယ်လို့ ဆိုပါတယ်။
Food panda Rider တွေအနေနဲ့ ကုမ္ပဏီဘက်က လုပ်အားခတွေလျော့ချမှုကြောင့် ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့ကတောင်းဆိုချက် ၇ ချက်နဲ့အတူအလုပ်မဆင်းသပိတ်ပြုလုပ်ခဲ့ကြတာပါ။
ကုမ္ပဏီတာဝန်ရှိသူတွေက ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးRider တွေတောင်းဆိုချက်ထဲက အချို့အချက်တွေကို ဆောင်ရွက်ပေးဖို့ နှုတ်ကတိပြုခဲ့ပေမယ့် လက်ရှိအချိန်အထိ အကောင်အထည်မဖော်သေးကြောင်း Riderတွေက ထုတ်ပြန်ထားပါတယ်။