ကမ္ဘောဒီးယား အကြီးဆုံး ရေတပ်အခြေစိုက်စခန်း တရုတ်ရန်ပုံငွေနဲ့ အဆင့်မြှင့်တင်

Photo – Reuters

ကမ္ဘောဒီးယားရဲ့ အကြီးဆုံး ရေတပ်အခြေစိုက်စခန်းကို တရုတ်ရန်ပုံငွေနဲ့ အဆင့်မြှင့်တင်တာတွေ စတင် လုပ်ကိုင်လာတာကြောင့် ကမ္ဘောဒီးယားနဲ့ ခိုင်မာတဲ့မိတ်ဖက်ဆက်ဆံရေးကို စစ်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ အားကောင်းစေခဲ့တယ်လို့ တရုတ်အရာရှိတစ်ဦးက ဇွန်လ ၈ရက်နေ့မှာ ပြောပါတယ်။

ကမ္ဘောဒီးယားရဲ့မြေပေါ်မှာ တရုတ် စစ်အခြေစိုက်စခန်း တည်ဆောက်ခွင့်ပေးမယ့်အပေါ် စိုးရိမ်တာတွေကို ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး Tea Banh က လျစ်လျူရှုထားတယ် ၊ ကမ္ဘောဒီးယားဟာ ဘယ်သူ့ဆီကမဆို စစ်ရေးအကူအညီကို လက်ခံဖို့ တံခါးဖွင့်ထားပြီး ရီးမ်ရေတပ်အခြေစိုက်စခန်းကိုလည်း ဘယ်နိုင်ငံမဆို အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

“ ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေး ဒေါက်တိုင်တစ်ခုအနေနဲ့ တရုတ်-ကမ္ဘောဒီးယား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုဟာ နှစ်နိုင်ငံနဲ့ ပြည်သူနှစ်ရပ်ရဲ့ အခြေခံ အကျိုးစီးပွားအတွက် ဖြစ်တယ်” လို့ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wentian က ပြောပါတယ်။

ဒေသတွင်းလုံခြုံရေးကို ပျက်ပြားစေတယ်လို့ ဆိုပြီး အခြေစိုက်စခန်းမှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် စိုးရိမ်ပူပန်နေတယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယား-အမေရိကန် ကာလရှည်ကြာ နှစ်နိုင်ငံဆက်ဆံရေးယိုယွင်းခဲ့ပါတယ်။ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်နဲ့သူ့ရဲ့အာဏာရပါတီဟာ အတိုက်အခံတွေကို နှိပ်စက်ညှဉ်းပန်းပြီး ဒီမိုကရေစီကို နှောင့်ယှက်ခဲ့ တယ်လို့ အမေရိကန်က စွပ်စွဲထားတာပါ။