ရွာမီးရှို့ပြီး ပြန်လာတဲ့တပ် စောင့်ကြိုတိုက်ခိုက်ခံရ၊ ၅ ဦးသေဆုံးတယ်လို့ပြော

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း ရွာမီးရှို့ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသတွင်း တော်လှန်ရေး အင်အားစုတွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Department of Information-DRPA ကထုတ်ပြန်ပါတယ်။
ဇွန်လ ၇ ရက်နေ့က ရေဦးမြို့နယ်၊ ချမ်းသာရွာကို မီးတင်ရှို့သွားတဲ့ အင်အား ၁၂၀ လောက်ရှိတဲ့ အကြမ်းဖက်စစ်တပ် ရေဦးစခန်းအပြန် ဒီနေ့မနက် ၇ နာရီ ၅ မိနစ် လောက်မှာ တိုက်ခိုက်ခဲ့တာပါ။
အကြမ်းဖက်စစ်တပ် ရွာမိဿာရွာနဲ့ ညောင်လှမူးဆုံကြားအရောက် DRPA ၊Freedom Revolution Force (FRF) တပ်ဖွဲ့နဲ့ ရေဦးမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
အဲဒီတိုက်ပွဲအပြီး ဒဏ်ရာရတဲ့စစ်သား ၂၀ ကျော်ကို ကားနဲ့သယ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ ဆိုပါတယ်။