NUGအစိုးရနဲ့ လူသိရှင်ကြားဆက်ဆံဖို့ အာဆီယံနိုင်ငံတွေကို အမေရိကန်တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ လူသိရှင်ကြားဆက်ဆံကြဖို့ အာဆီယံနိုင်ငံတွေကို အမေရိကန် နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ ဒဲရစ်ချောလက်ကတိုက်တွန်းလိုက်ပါတယ်။
အမေရိကန်အစိုးရက NUGအစိုးရကို ထိတွေ့ဆက်ဆံသလိုမျိုး ဆက်ဆံဖို့ ဒဲရစ်ချောလက်က တိုက်တွန်း ကြောင်း The Strait Times သတင်းစာမှာဖော်ပြပါတယ်။
မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ စစ်အုပ်စုကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအပေါ် တာဝန်ခံမှုရှိ စေရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချိုးလက်ဟာ ဇွန်လ ၇ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ထိုင်း၊ စင်ကာပူနဲ့ ဘရူနိုင်းနိုင်ငံခရီးစဉ်ကို စတင်နေပြီဖြစ်ပါတယ်။
ဒီနေ့ထိတိုင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးတစ်ဦးတည်းကသာ NUGအစိုးရ နိုင်ငံခြားရေးဝန်ကြီး နဲ့ လူသိရှင် ကြား တွေ့ဆုံမှုမျိုး ရှိပါသေးတယ်။
ဒဲရစ်ချောလက်ရဲ့ တိုက်တွန်းမှု တစ်စိတ်တစ်ပိုင်း အောင်မြင်ခဲ့ရင်တောင် စစ်အုပ်စုအတွက် ကြီးမားတဲ့သံတမန်ရေးထိုးနှက်ချက်ဖြစ်လာနိုင်တယ်လို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးကဆိုပါ တယ်။
‘မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံထဲမှာကျွန်တော်တို့မျှော်လင့်လို့ရတဲ့ စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်တို့က NUG နဲ့ထိတွေ့ဆက်ဆံမှုတွေဖြစ်လာနိုင်ပါတယ်။မင်း အောင်လှိုင်က ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ထင်ရာလုပ်လေ၊NUG ရဲ့ သံတမန်ရေးပိုရှေ့ရောက်လာလေပါပဲ။အာ ဆီယံနိုင်ငံတွေက NUG ကိုသာ ဗြောင်ဆက်ဆံလာရင် မင်းအောင်လှိုင်အတွက်တော်တော်အထိနာမယ်’လို့ သူက ပြောပါတယ်။
ဒဲရစ်ချောလက် စင်ကာပူရောက်တဲ့အခါ စင်ကာပူအစိုးရအဆင့်မြင့်အရာရှိတွေပါတက်ရောက်မယ့် မြန်မာနိုင်ငံရဲ့ပဋိပက္ခနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကိုတက်ရောက်မှာဖြစ်ပါတယ်။