တပ်ရွှေ့ပြောင်းတဲ့ စစ်အုပ်စုကို တောကြီးမြွေဟောက်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာနဲ့ကျောက်ပုဇွန်တောင်မှာ တပ်ရွှေ့ပြောင်းတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ တောကြီး မြွေဟောက်တပ်ဖွဲ့(King Cobra Force)အဖွဲ့က ဇွန် ၆ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကား ၃ စီးပျက်စီးပြီး ၁၀ ဦးခန့် ထိခိုက်သေဆုံးနိုင်တယ်လို့ တောကြီး မြွေဟောက်တပ်ဖွဲ့(King Cobra Force)အဖွဲ့ကထုတ်ပြန်ထားပါတယ်။
“စကစ ယာဉ်တန်းကို လက်လုပ်မိုင်း ၆ လုံးတွဲနဲ့တိုက်ခိုက်တာ။ စကစ ဘက်က ယာဉ်ရော လူတွေရော ထိတယ်။ မိုင်းဆွဲတိုက်ခိုက်တဲ့ဘက်ကတော့ အထိခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့တယ်”လို့ (King Cobra Force) အဖွဲ့နဲ့နီးစပ်သူ တစ်ဦးကပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းဟာ တနင်္သာရီမြို့နယ်၊ ဇဝဲရွာရှိ ခမရ ၅၅၆ တပ်ရင်းကနေ မွန်ပြည်နယ်ဘက်ကို ရိက္ခာအပြည့်နဲ့ တပ်ပြောင်းရွေ့လာတာဖြစ်တယ်လို့ (King Cobra Force) က ထုတ်ပြန်ထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ကျော်ပုဇွန်တောင်နဲ့ မင်းထိန်ရွာအနီးက ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။