မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်ရှိ ဝီယော်စစ်တပ်စခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သားတွေ သေဆုံးမှုများတယ်လို့ သိရပါတယ်။
KNLA တပ်မဟာ (၁) တပ်ရင်း (၂)၊ တပ်မဟာ (၁) PDF ပူးပေါင်းအဖွဲ့ ၊ သထုံမြို့နယ် ပြည်သူ့ ကာကွယ်ရေးအင်အားစု (TPDF) နဲ့ ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဘီးလင်းပကဖက ထုတ်ပြန်ပါ တယ်။
‘၂ ရက်နေ့ကတည်းက ဝီယော်ဘက်မှာ တိုက်ပွဲဖြစ်နေလို့ ဝီယော်ကနေ ကျိုက္ကော်၊ သိမ်ဆိပ်ဘက် အသွားအလာတွေ ရပ်လုနီးပါးဖြစ်သွားတယ်။ တိုက်ပွဲဖြစ်ပြီးတော့ စစ်တပ်ကလည်း အစစ်အဆေးအရမ်းလုပ်တော့ ဝီယော်ဘက်ကဒေသခံတွေရော အဲဘက်ကို ဒူးရင်းသီးသွားယူတာတွေရော အကုန်ရပ်ပဲ။ ဒီနေ့တော့ တိုက်ပွဲအသံမကြားရပေမဲ့ အသွားအလာကတော့ တော်တော်နည်းတယ်’ လို့ ကျိုက္ကော်ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဝီယော်ရွာဘက်မှာ ထိတွေ့တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်သားတွေ သေဆုံးမှုများနေတယ်လို့ သိရပါတယ်။
ဇွန် ၂ ရက်နေ့ မနက်ကစပြီး KNU/KNLA သထုံခရိုင် တပ်မဟာ (၁) တပ်ရင်း (၂) နယ်မြေ၊ ဝီယော်-ထုံးဘိုလေး-ပိန္နဲတော လမ်းပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခဲ့ကြောင်း မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ၊ KNU သထုံခရိုင် တပ်မဟာ ၁ က ထုတ်ပြန်ပါတယ်။
စစ်တပ်က ထုံးဘိုလေးနဲ့ ထုံးဘိုကြီးရွာကို ဇွန် ၂ ရက်နေ့က လက်နက်ကြီးနဲ့ တရစပ်ပစ်ခတ်ခဲ့တာကြောင့် ရွာသားတွေ ထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ်တွေလည်း ပျက်စီးခဲ့ကြောင်း သထုံပြည်သူ့ပြောက်ကျားများက ထုတ်ပြန်ပါတယ်။