Facebook ရဲ့အကြီးအကဲ Sheryl Sandberg ကုမ္ပဏီကနေ ထွက်ခွာ

Photo – Reuters

Meta Platforms Inc (FB.O) ရဲ့ Chief Operating Officer ဖြစ်တဲ့ လုပ်ငန်းဆောင်ရွက်မှုအရာရှိချုပ် Sheryl Sandberg ဟာ ၁၄ နှစ်ကြာလက်တွဲလုပ်ကိုင်ခဲ့ပြီးနောက် ကုမ္ပဏီကနေ ထွက်ခွာတော့မယ်လို့ ဇွန်လ ၁ရက်နေ့က  ဖေ့စ်ဘုတ်ခ်မှာ ရေးသားထားပါတယ်။

အစောပိုင်းမှာ အဲဒီကြေငြာချက်ကြောင့် အစောပိုင်းမှာ ကုမ္ပဏီရှယ်ယာ ၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ အမှုဆောင်အရာရှိချုပ် Mark Zuckerberg နဲ့ Sandberg ရဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ချက်ဟာ ကမ္ဘာ့အကြီးဆုံးလူမှုကွန်ရက်ကို ပိုမိုကြီးထွားလာစေခဲ့တာပါ။ 

“၂၀၀၈ မှာ ကျွန်မ ဒီအလုပ်ကို စလုပ်တုန်းက ဒီအခန်းကဏ္ဍမှာ ငါးနှစ်လောက် ပါဝင်ခွင့်ရဖို့ မျှော်လင့်ခဲ့ပါတယ်၊ ဆယ့်လေးနှစ်ကြာတော့ ကျွန်မဘဝရဲ့ နောက်ထပ်ကဏ္ဍတစ်ခုကို ရေးဖို့ အချိန်တန်ပြီ” လို့ Sandberg က ရေးသားခဲ့ပါတယ်။

ကုမ္ပဏီရဲ့ လက်ရှိဖွဲ့စည်းပုံမှာ Sandberg ရဲ့ အခန်းကဏ္ဍကို တိုက်ရိုက်အစားထိုးဖို့ အစီအစဉ်မရှိပါဘူးလို့ Zuckerberg က ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ Meta ကုမ္ပဏီရဲ့ ဘဏ္ဍာငွေစီးဆင်းမှုဟာ အမေရိကန်ဒေါ်လာ  ၁၁၈ ဘီလီယံရှိပြီး  ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၉ ဘီလီယံကျော်ရှာဖွေနိုင်နိုင်ခဲ့ပါတယ်။ 

Sandberg ဟာ ကုမ္ပဏီကထွက်ခွာပြီးရင်လည်း ဘုတ်အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေမယ်လို့ သိရပါတယ်။ 

Facebook နဲ့ မပူးပေါင်းခင် Sandberg ဟာ Google မှာ Global Online Sales and Operations ရဲ့ ဒုတိယဥက္ကဌဖြစ်ပြီး သမ္မတဟောင်း Bill Clinton လက်ထက်က အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ Chief of Staff အဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။