မေလအတွင်းမီးရှို့ဖျက်ဆီးခံရတဲ့အိမ် ၇၅၀၀ကျော်ရှိပြီး တစ်နှစ်တာအတွင်းအများဆုံးဖြစ်

photo-အရာတော်ပို့စ်
မေလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်နဲ့အဆောက်အအုံ ၇၅၀၀ကျော်ရှိပြီး တစ်နှစ်တာအတွင်း အများဆုံး ဖြစ်ကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ်၊ မေ ၁ ရက်ကနေ ၂၆ ရက်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်နဲ့ အဆောက်အအုံ ၇,၆၆၂ လုံးထက်မနည်း ရှိခဲ့ပြီး အာဏာသိမ်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ လအလိုက်နေအိမ်၊ အဆောက်အအုံ အရေအတွက် ထဲမှာ အခုလအတွင်း ဖျက်ဆီးခံရတဲ့ပမာဏာကတော့ တနှစ်တာအတွင်း အများဆုံး ဖြစ်ကြောင်းISP-Myanmar ကထုတ်ပြန်ပါတယ်။
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ၇,၆၆၂ လုံးထဲမှာ စစ်ကိုင်းတိုင်းက ၅,၃၃၇ လုံး၊ မကွေးတိုင်းက ၂,၁၄၃ လုံး၊ ရှမ်းပြည်နယ်က အလုံး ၁၁၀၊ မန္တလေးတိုင်းက အလုံး ၃၀၊ ချင်းပြည်နယ်က ၂၉ လုံး၊ ကရင်ပြည်နယ်က ၁၀ လုံးနဲ့ ကယားပြည်နယ်က ၃ လုံးတို့ ပါဝင်တယ်လို့ဆိုပါတယ်။
မေ ၁၈ ရက်ကနေ ၂၅ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာ အနည်းဆုံး ၁၈ ရွာမှာ နေအိမ်၊ အဆောက်အအုံ ၃၉၃ လုံးထက်မနည် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ မေ ၂၆ ရက်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့ဖျက်ဆီးခံရတာအပြင် လက်နက်ကျည်တွေ ထိမှန်လို့ပျက်စီးဆုံးရှံးခဲ့ရတဲ့ နေအိမ်၊အဆောက်အအုံ (ဘာသာရေးအဆောက်အအုံတွေအပါအဝင်) ၂၂,၂၉၉ လုံးထက်မနည်းရှိခဲ့ပါတယ်။
အဲဒီ ၂၂,၂၉၉ လုံးထဲမှာ စစ်ကိုင်းတိုင်းအတွင်းက ၁၅,၅၃၀ လုံးရှိခဲ့ပြီးတော့ ရာခိုင်နှုန်းအားဖြင့် ၆၉ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။ စစ်ကိုင်းတိုင်းဟာ နေအိမ်၊ အဆောက်အအုံ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးရှိခဲ့တဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။
ဒုတိယအများဆုံး ကတော့ မကွေးတိုင်းဖြစ်ပြီး နေအိမ်၊ အဆောက်အအုံ ၄,၈၂၂ လုံး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကာ ရာခိုင်နှုန်းအားဖြင့် ၂၁ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
ကျန်ပျက်စီးဆုံးရှုံးခဲ့တဲ့ ၁,၉၄၇ အိမ်၊ ရာခိုင်နှုန်းအားဖြင့် ၈ ဒသမ ၇ ရာခိုင်နှုန်း ကတော့ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ထဲက နေအိမ်၊ အဆောက်အုံတွေဖြစ်ကြောင်း ISP-Myanmar ကထုတ်ပြန်ပါတယ်။
ပုံစာ-မေ၂ရက်နေ့က အရာတော်မြို့နယ်၊မလဲသာရွာကို
အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့