
မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်မှု အခြေအနေ ပိုပြီးဆိုးရွားလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOအနေနဲ့ ယူဆကြောင်း ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ရဲ့ ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။
ကိုဗစ်ကူးစက်မှု တဖြည်ဖြည်းလျော့ကျလာပြီလို့ မြောက်ကိုရီးယားအာဏာပိုင်တွေက ကြေညာထားပေမယ့် WHO က အခုလို ထုတ်ပြန်လိုက်တာပါ။
“မြောက်ကိုရီးယားရဲ့ မြေပြင်အခြေအနေဆိုင်ရာ အချက်အလက်အကြမ်းတွေ ရရှိထားတယ် ပြုံယမ်းအာဏာပိုင်တွေကိုလည်း နောက်ထပ်အချက်အလက်တွေ တောင်းဆိုထားတယ်”လို့ ဇွန်လ ၁ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ WHO အကြီးအကဲ Dr. Mike Ryan က ပြောခဲ့တာပါ။
WHOက မြောက်ကိုရီးယားကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထောက်ပံ့ပေးမယ်လို့ အနည်းဆုံး သုံးကြိမ် ကမ်းလှမ်းခဲ့ပြီး နည်းပညာအကူအညီနဲ့ အထောက်အပံ့တွေကိုလည်း အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ကြောင်း Dr. Mike Ryan က ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ထိပ်တန်းအရာရှိတွေဟာ ပြင်းထန်တဲ့ ကူးစက်ရောဂါ တိုက်ဖျက်ရေး ကန့်သတ်ချက်တွေကို ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။