၄ရက်တာကလေးဒေသတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ် အထိနာ

၄ရက်တာအတွင်း ကလေးမြို့နယ်ဒေသခံတော်လှန်ရေးအင်အားစုတွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အထိနာခဲ့ပြီး အကြမ်းဖက်တပ်ရဲ့ လက်နက်ကြီးကျည် ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးတစ်ဦးအပါအဝင် စစ်ရှောင်ပြည်သူ၄ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။
မေလ၃၁ရက်နေ့မှာ ကလေးမြို့တောင်ပိုင်းဘက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို နတ်မြောင်းရွာအနီးမှာ ကလေးPDF ကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မွန်းလွဲ၂နာရီလောက်မှာ နတ်ချောင်းရွာထဲရောက်နေတဲ့ စစ်တပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း ကလေးPDFက မနေ့ညကထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်သားတစ်ဦးသေပြီး စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည် နတ်မြောင်းရွာ ဘုန်းကြီးကျောင်းထဲကျရောက်ကာ အသက်၅နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် စစ်ရှောင်၄ဦး လက်နက်ကြီးကျည်ထိမှန်ခဲ့ပါတယ်။
စစ်တပ်ဟာနတ်ချောင်းရွာအထက်တန်းကျောင်းနဲ့ အောင်ဆုပန်ဘုန်းကြီးကျောင်းထဲ တပ်စွဲထားပြီး ညနေ ၆နာရီလောက်မှာ နတ်ချောင်းရွာကအိမ်တွေကို မီးရှို့ခဲ့ကြောင်းသိရပါတယ်။
စစ်တပ်ဟာ မေ ၃၀ရက်ကလည်း ကလေးမြို့နယ်၊သုံးအိမ်စုရွာကနေအိမ်တွေကို မီးရှို့ပြီးနောက် လေးအိမ်စုရွာ ဘက် ထွက်ခွာလာစဉ် ကလေးPDF ကမိုင်းဆွဲခဲ့ရာ စစ်သား၂၀လောက်ထိမှန်ခဲ့ပြီးနောက် ကလေးမြို၊မြို့လှရပ် ကွက်ဘက်ဆုတ်ခွာသွားခဲ့ကြောင်း ကလေးPDF ကထုတ်ပြန်ပါတယ်။
မေလ၂၉ရက်နေ့ကလည်း သုံးအိမ်စုရွာအနီးမှာ ကလေးPDF ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။
မေလ၂၈ရက်နေ့မှာ ကလေးမြို့တောင်ပိုင်းဟဲလုပ်ရွာအနီး စစ်တပ်နဲ့ ဒေသခံတော်လှန်ရေးအင်အားစုတို့ ၃နာ ရီကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား၃ဦးသေဆုံးခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ထောက်ကြံ့ရွာအနောက်ဘက်က PDF တွေစွန့်ခွာထားပြီးဖြစ်တဲ့စခန်းကို စစ်သားအင်အား၂၀၀လောက်နဲ့ ဝင်ရောက်လာခဲ့ရာ အဲဒီစခန်းထဲ အသင့် တပ်ဆင်ထားတဲ့ တိုက်မိုင်းတွေပေါက်ကွဲခဲ့တာကြောင့် စစ်သားတော်တော်များများထိမှန်နိုင်ကြောင်း သိရပါတယ်။