မြန်မာ့အရေး စစ်အုပ်စု၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အမြန်ဆုံးဆွေးနွေးအဖြေရှာဖို့ အာဆီယံကို ကန်တိုက်တွန်

အာဆီယံအနေနဲ့ မြန်မာ့အရေးကို အကြမ်းဖက်စစ်အုပ်စု၊ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အမြန်ဆုံးဆွေးနွေးအဖြေရှာဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။
မေလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ဘန်ကောက်ရှိ အမေရိကန်သံရုံး ယာယီတာဝန်ခံ Michael Heath က အဲဒီလိုပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနဲ့ အရေးတကြီးတွေ့ဆုံဆွေးနွေး အဖြေရှာရတော့မှာဖြစ်ပြီး မြန်မာနိုင်ငံငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေ အားလုံးကို အမေရိကန်အနေနဲ့ အားပေးထောက်ခံတယ်လို့သူက ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးကို ပွင့်ပွင့်လင်းလင်းဆောင်ရွက်ဖို့ လုပ်ရမှာပါလို့ Michael Heath ကပြောပါတယ်။
Michael Heath ရဲ့ အခုလိုပြောကြားမှုဟာ မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံထိပ်သီး အစည်းအဝေးနဲ့ အမေရိကန်-ထိုင်း ကာကွယ်ရေးမဟာဗျူဟာ ဆွေးနွေးညှိနှိုင်းမှုတွေအပြီး ထွက်ပေါ်လာတဲ့ အမေရိကန်အစိုးရရဲ့ သဘောထားဖြစ်နိုင်တယ်လို့ ဘန်ကောက်ပို့စ်က ရေးသားထားပါတယ်။