အရာတော်မြောက်နယ် ရောက်လာတဲ့တပ် လက်နက်ကြီးနဲ့ပစ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ အရာတော်မြောက်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီး နဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့သိရပါတယ်။
ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ အရာတော်မြောက်နယ်၊ဟင်္သာကျေးရွာနဲ့ လိန်လှ‌ကျေးရွာ အနီးရောက်ရှိလာပြီး လက်နက်ကြီးနဲ့ပစ်ခတ်နေတာလို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ အရာတော်ပို့စ်က ထုတ်ပြန်ပါတယ်။
ဒေသခံတွေဟာ နွားလှည်း၊ ဆိုင်ကယ်၊ ခြေလျင်တို့နဲ့ရုတ်တရက် တိမ်းရှောင်ထွက်ပြေးရတာ ဖြစ်ပါတယ်။
လူသားဒိုင်းအဖြစ် လိန်လှရွာသား ၄ ဦး ဖမ်းဆီးထားတယ်လို့ သိရပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ အရာတော်ပို့စ်က ဆိုပါတယ်။
အဲဒီ အကြမ်းဖက်စစ်ကြောင်းဟာ မနေ့က အရာတော် – ဒီပဲယင်းနယ်စပ်နဲ့ အုပ်ရှစ်ကြီး၊ သစ်ချိုကျေးရွာတွေကို စီးနင်းမီးရှို့ပြီးနောက် ရောက်လာခဲ့တာပါ။
အရာတော်မြောက်နယ်မှာ စစ်တပ်နဲ့ ဒေသခံတော်လှန်ရေးအင်အားစုတွေ နေ့စဉ်လို လို ထိတွေ့တိုက်ပွဲဖြစ်ပွားနေပေမဲ့ လုံခြုံရေးအရ တိုက်ပွဲဖြစ်စဉ်တွေကို ထုတ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့ အရာတော်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုက အရာတော်ပို့စ်ကို ပြောကြောင်း သိရပါတယ်။