တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေညာချက်ထုတ်ပြန်ဖို့ စီစဉ်ခဲ့ပေမဲ့ အထမမြောက်ခဲ့ကြောင်း သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။
မြန်မာ့အရေးကို ဖြေရှင်းနိုင်ရေးအတွက် ဗြိတိန်နိုင်ငံက ဦးဆောင်ပြုစုခဲ့တဲ့ ဆုံးဖြတ်ချက် မူကြမ်းထဲက အသုံးအနှုန်းတွေကို တရုတ်နဲ့ ရုရှားက ကန့်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။
ကြေညာချက်မူကြမ်းမှာ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့တာ တစ်နှစ်ကျော်လာခဲ့ပေမဲ့ တိုးတက်မှု မယ်မယ်ရရ မတွေ့ရတာကြောင့် ထိရောက်ပြီး အပြည့်အဝ အကောင်အထည်ဖော်နိုင်မယ့် အစီအစဉ်တွေ ချမှတ်ဖို့ တိုက်တွန်းတဲ့အပေါ် တရုတ်နဲ့ရုရှားက ကန့်ကွက်ခဲ့ကြတယ်လို့ AP နဲ့ AFP သတင်းတွေက ဖော်ပြပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် မဖော်နိုင်ဘဲ တိုးတက်မှုတွေ အကန့်အသတ်နဲ့သာ ရှိနေတယ်လို့ ကြေညာချက် မူကြမ်းမှာ ဖော်ပြထားတဲ့အပေါ် တရုတ်နိုင်ငံက တိုးတက်မှု နှေးကွေးနေတယ်လို့ ပြင်ဆင်ဖို့ ပြောဆိုရာကနေ ဗြိတိန်နဲ့ သဘောထားကွဲခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ သီးသန့်ဆွေးနွေးပွဲကို မေ ၂၇ ရက်က ကျင်းပခဲ့တာပါ။
မြန်မာ့အရေး အာဆီယံမူ၅ရပ်ကို ၂၀၂၁ ခုနှစ်ဧပြီ ၂၄ ရက်နေ့မှာ ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။