ပုသိမ်မြို့မှာ ဗုံးပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံး

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် (၃) ရပ်ကွက် စကားဝါလမ်းမကြီးပေါ်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၂၉ ရက်နေ့ မနက် ၆ နာရီလောက်က စကားဝါလမ်းမပေါ်မှာ မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးအတွင်းကနေ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသား သေဆုံးခဲ့တာပါ။
“ဒီနေ့ ပုသိမ်မှာ တပ်ထောက်ခံပွဲရှိတယ် ထောက်ခံပွဲမစခင်အချိန်လေးမှာ စကားဝါလမ်းပေါ်က VIP အရက်အေးဂျင့်ဆိုင်ရှေ့နားမှာ ဆိုင်ကယ်တစီးကနေ ထပေါက်တာ၊ ချက်ခြင်း စစ်သားတွေရောက်လာပြီးတော့ သယ်သွားတယ်” လို့ အနီးဝန်းကျင်နေထိုင်သူ တစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားအပြီးမှာ စစ်အုပ်စုက တပ်ထောက်ခံပွဲကို ရပ်ဆိုင်းခဲ့ပြီး မြို့အနှံ့ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုနဲ့ ပက်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။