နိုင်ဂျီးရီးယားမှာ လူအုပ်ပြိုမှုဖြစ်ပွားပြီး လူ ၃၀ ကျော် သေဆုံး

Photo – Google

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Port Harcourt မြို့က ဘုရားကျောင်းပွဲတော်တခုမှာ မေလ ၂၈ရက် လူအုပ်ပြိုမှုဖြစ်ပွားခဲ့ရာ လူ ၃၀ ကျော် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။

“အလှူအတန်းလုပ်ဖို့ စီစဉ်ထားတဲ့ Kings Assembly ဘုရားကျောင်းနားမှာရှိတဲ့ ပိုလိုကလပ်တခုမှာ ဖြစ်သွားတာပါ၊ လက်ဆောင်ပစ္စည်းတွေ ပေးတဲ့အစီအစဉ်မှာ လူများလွန်းတာကြောင့် လူအုပ်ကြီးဖြစ်ခဲ့ပါတယ်၊  သေဆုံးသူအများစုက ကလေးငယ်တွေဖြစ်တယ်” လို့ နိုင်ဂျီးရီးယား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Olufemi Ayodele က ပြောခဲ့ပါတယ်။

“လူအုပ်ပြိုကျမှု ဖြစ်ပွားချိန်မှာ ပစ္စည်းဝေတာမစတင်သေးပါဘူး၊ ဂိတ်တံခါးကို ပိတ်ထားပေမယ့် လူအုပ်ကြီးက ခန်းမထဲကို အတင်းဝင်ခဲ့တာ” လို့  ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Grace Woyengikuro Iringe-Koko က ပြောကြားခဲ့ပါတယ်။

အခင်းဖြစ်ပွားပြီးနောက် လူ ၃၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ခုနစ်ဦးကို ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။