ကလေးမြို့က ဆရာမတစ်ဦးကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်၊ ဘုရားကြီးလမ်းမှာ နေထိုင်တဲ့ ဆရာမဒေါ်ခင်စန်းဦးနဲ့ သူ့အစ်ကိုဖြစ်သူကို အကြမ်းဖက်စစ်အုပ်စုက မနေ့က မေလ ၂၈ရက်နေ့ ညနေ ၄နာရီလောက်မှာ ကားသုံးစီးနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အသက် ၄၇ နှစ်အရွယ် ဆရာမ ဒေါ်ခင်စန်းဦးဟာ တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာရပ်သင်ကြားတဲ့ ကျူရှင်ဆရာမ ဖြစ်တယ်လို့ ဆိုပါတယ်။
“PDF တွေထောက်ပံ့တယ်လို့ နာမည်ထွက်လို့ ဖမ်းတာလို့ကြားတာပဲ။ သူတို့မောင်နှမတွေက အပျိုကြီး၊ လူပျိုကြီးတွေ”လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
” ပိုက်ဆံပေးနိုင်ရင်တော့ လွတ်ကောင်းလွတ်မှာပေါ့။ သူတို့က ဒီနေ့တစ်ယောက်ဖမ်းရမယ်ဆို ဖမ်းတဲ့သဘောပဲ” လို့ ဒေါ်ခင်စန်းဦး​ရဲ့ မိတ်ဆွေတဦးက မှတ်ချက်ပြုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ CDM ဝင်တဲ့ ကလေးမြို့နယ်၊ မှန်တောရွာကျောင်းအုပ်ကိုလည်း ဖမ်းဆီးပြီး ငွေကြေးသိန်း နှစ်ရာ တောင်ခံခဲ့ဖူးတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မိသားစုက ငွေကြေးသိန်း နှစ်ရာ ပေးခဲ့ပေမယ့် ကျောင်းအုပ်ဆရာကြီးဟာ စစ်ကြောရေးမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။