ကရင်နီပြည်နယ်မှာ စစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့တဲ့ပြည်သူ ၂၄၀ နီးပါးရှိ

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်လက်ချက်နဲ့ ကျဆုံးသွားတဲ့ပြည်သူ ၂၄၀ နီးပါးရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲဒီစာရင်းဟာ အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိ PKPF က လက်လှမ်းမီသလောက် ပြုစုထားတာဖြစ်ပြီး ကျဆုံးပြည်သူ ၂၃၉ ဦးတို့ဟာ စစ်တပ်က အကြောင်းမဲ့သတ်ဖြတ်ခြင်းနဲ့ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ကျဆုံးခဲ့တာတွေဖြစ်တယ်လို့ သိရပါတယ်။
အဲဒီကျဆုံးမှုဟာ ဒီးမော့ဆိုမြို့နယ်အတွင်း ၈၃ ဦးရှိပြီး အများဆုံးဖြစ်ပါတယ်။ ဒုတိယအများဆုံးမှာ လွိုင်ကော် မြို့နယ်ဖြစ်ပြီး ၇၄ ဦးရှိကာ တတိယအများဆုံးက ၄၆ ဦးနဲ့ ဖရူဆိုမြို့နယ် ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်နေစဉ် ဆေးဝါးနဲ့ရိက္ခာ မလုံလောက်မှုကြောင့် သေဆုံးခဲ့တဲ့ပြည်သူ ၂၄ ဦးရှိပါတယ်။
မြေပြင်မှာ သေဆုံးခဲ့သူအရေအတွက်ဟာ အခုဖော်ပြထားတာထက် ပိုနိုင်တယ်လို့ PKPF ကဆိုပါတယ်။