မြိတ်မှာ စစ်ဘေးရှောင်ပြည်သူ ၃၀၀ နီးပါး အကူညီလိုအပ်နေ

အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးဖျက်ဆီးမှုတွေကြောင့် တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူ၊ သာရဘွင်စတဲ့ ကျေးရွာတွေကနေ ပြည်သူ ၃၀၀ နီးပါး မြိတ်မြို့ကို စစ်ဘေးတိမ်းရှောင်လာရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
မေလ ၂၄ ရက်နေ့က စတင်ကာ မြိတ်မြို့ပေါ်ကို စစ်ဘေးရှောင်ပြည်သူတွေ ရောက်ရှိလာခဲ့ပြီး အေးရိပ်ချောင်သာသနာ့ရိပ်သာမှာ စုစည်းနေထိုင်နေကြတာပါ။
“ကျန်းမာရေးစောင့်ရှောက်မှုတွေရော နေရာထိုင်ခင်းကနေ အိမ်သာကနေ စားနပ်ရိက္ခာတွေ ဆေးဝါးတွေကအစ အကုန်လိုအပ်နေတာ၊ ပထမရောက်တုန်းက လေးရာကျော်ရောက်လာတာ အဲ့ထဲက ရွေ့ပြောင်းလုပ်သားတွေကတော့ နယ်တွေပြန်သွားကြပြီး ရွာကိုမပြန်နိုင်တဲ့ စစ်ဘေးရှောင်တွေပဲ အခုဒုက္ခရောက်နေကြတာ”လို့ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် မြိတ်မြို့ကို စစ်ဘေးရှောင်လာရောက်သူတွေ ရှိသလို တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေသူတွေလည်း ရှိနေခဲ့ပြီး စစ်ရေးတင်းမာနေတာကြောင့် စစ်ဘေးရှောင်တွေ နေရပ်ပြန်လည် နေထိုင်ကြဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။