စစ်သားနဲ့ရိက္ခာတင်လာတဲ့ ၁၀ဘီးကားယာဉ်တန်း စစ်ကိုင်းမှာမိုင်းဆွဲခံရ၊ ကားတစ်စီး မီးလောင်ပျက်စီး

စစ်ကိုင်း-ရွှေဘို ကားလမ်းပေါ်မှာ စစ်သားနဲ့ရိက္ခာတွေတင်ဆောင်လာတဲ့ ၁၀ဘီးကားယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားတစ်စီးမီးလောင်ပျက်စီးခဲ့ပါတယ်။
မေလ၂၆ရက်နေ့ည ၁၀နာရီမိနစ်၂၀လောက်မှာ စစ်ကိုင်း-ရွှေဘိုကားလမ်းမပေါ် ၊စစ်ကိုင်းမြို့နယ် ကျော်ဇေယျာ နဲ့ ချိုင်းကြီးကြားမှာ စစ်ကိုင်းဘက်ကနေ ရွှေဘိုလမ်းဘက်ဦးတည်ထွက်လာတဲ့ ၁၀ ဘီး ကား ၅ စီး ကို နယ်စည်းမခြားစစ်ကိုင်းသားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန် ပြန်ကြားရေးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
၁၀ ဘီးကား ၅ စီး အနက် စစ်သားတွေလိုက်ပါလာတဲ့ နောက်ဆုံးကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးသွားတာကြောင့် အသေအပျောက်ရှိနိုင်တယ်လို့သိရပါတယ်။
‘ဒီကောင်တွေ ပြန်ပစ်ချိန်တောင်မရဘူး။ ကားက မီးလောင်သွားတာ၊ ဆားတောင်ဘက်ကနေ ဒိုင်နာ ၂စီးနဲ့လာပြီး မီးလောင်သွားတဲ့ကားပေါ်က ကျန်ခဲ့တဲ့ ပစ္စည်းတွေလာသယ်သွားတယ်။အဲ့ကျမှ သေနတ်တွေဖောက်ပြီး သယ်သွားကြတာ’လို့ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့သူက ပြောကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန် ပြန်ကြားရေးက ဆိုပါတယ်။