ဆီနီဂေါနိုင်ငံမှာ ဆေးရုံမီးလောင်မှုကြောင့် မွေးကင်းစကလေးငယ် ၁၁ ဦး သေဆုံးခဲ့ပြီး မီးလောင်မှုဟာ လျှပ်စစ်ဝါယာရှော့ကြောင့် ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီး Diouf Sarr က မေလ ၂၆ ရက်က ပြောပါတယ်။
ဆီနီဂေါနိုင်ငံ အနောက်ဘက် ထီဗယ်ဝ်ဝါး မြို့ရှိ Mame Abdou Aziz Sy Dabakh ဆေးရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း နိုင်ငံတော်သမ္မတ Macky Sall က ပြောပါတယ်။
“နိုင်ငံရဲ့ကျန်းမာရေးစနစ်တွေကို စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းနေတဲ့အချိန်မှာ အဲ့ဒီသေဆုံးမှုဟာ ကြောက်မက်ဖွယ်ကောင်းပြီး လက်ခံနိုင်စရာ မရှိဘူး” လို့ ဆီနီဂေါဒေသတွင်းစီမံကိန်းနဲ့ ဒေသန္တရအစိုးရ၀န်ကြီး Cheikh Bamba Dièye က ဆိုပါတယ်။
ဆီနီဂေါဟာ အနောက်အာဖရိကမှာ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ခိုင်မာတဲ့ဂုဏ်သတင်းရှိပြီး သူ့ရဲ့ ကိုဗစ် တုံ့ပြန်မှုကို အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာတွေအပါအဝင် အခြားနိုင်ငံတွေက ချီးကျူးခဲ့ကြတာပါ။
ကြာသပတေးနေ့ကစတင်ကာ သုံးရက်ကြာ နိုင်ငံတော်ဝမ်းနည်းခြင်းကို ကြေညာခဲ့ပြီး အဲ့ဒီကာလအတွင်း အလံ တိုင်တစ်ဝက် လွှင့်တင်ရမယ် လို့ သမ္မတရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။