လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့ အလွတ်သဘောတွေ့ဆုံဆွေးနွေး

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Norway Mission အစီအစဉ်အရ မေလ၂၅ရက်နေ့မှာ အလွတ်သဘောဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး Kachin Political Interim Coordination Team(KPICT) အတွင်းရေးမှူး Salang Nsang Gum Sanနဲ့တကွ တခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပြီး မြန်မာ့ပြည်တွင်းပဋိပက္ခတွေကို ဆွေးနွေးခဲ့ကြကြောင်း KPICT ကထုတ်ပြန်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ အဓိကတင်ပြမှုတွေကစစ်တပ်ရဲ့ အဓိကငွေကြေးထောက်တိုင်ကြီးတစ်ရပ်ဖြစ်တဲ့ ရေနံလုပ်ငန်း ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်နိုင်ရေးဟာ အလွန်အရေးကြီးကြောင်းကုလ လုံခြုံရေးကောင်စီအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအသီးသီးနဲ့ မျက်နှာစုံညီတွေ့ဆုံဆွေးနွေးဖို့ အလွန်အရေးကြီးကြောင်းလူသားချင်းစာနာမှုအထောက်အပံ့တွေကို အိမ်နီးချင်းနိုင်ငံတို့ရဲ့ နယ်စပ်ဂိတ်တွေကတစ်ဆင့် သယ်ယူပို့ဆောင်နိုင်ရေး ကူညီဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်းအာဆီယံနိုင်ငံတွေရဲ့ ပူးပေါင်းဆွေးနွေးရေးလမ်းစဉ်အကောင်အထည်ဖော်ဖို့ တိုက်တွန်းနေခြင်းမှာ ငြိမ်းခါနီးမီးတောက်ကို အသက်ပြန်သွင်းတဲ့ အသွင် မဖြစ်စေဖို့ အရေးကြီးကြောင်းတို့ဖြစ်တယ်လို့ KPICT ကထုတ်ပြန်ပါတယ်။
ဆွေးနွေးပွဲတက်ခဲ့တဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက စစ်အုပ်စုကို ခုခံတော်လှန်နေကြတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီ ကိုယ်စားလှယ်နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့ပါဝင်တယ်လို့သိရပါတယ်။