မုံရွာမြို့မှာ စစ်အုပ်စုနဲ့ သက်ဆိုင်တဲ့ နေရာ ၂ ခုကို ဗုံးခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အကြမ်းဖက်စစ်အုပ်စု တပ်စွဲထားတဲ့ နေရာတစ်ခုနဲ့ စစ်အုပ်စုထောက်တိုင် သတင်းပေးဆိုသူတစ်ဦးရဲ့ နေအိမ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DRPA က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီလောက်မှာ ပြည်ထောင်စုလမ်း ကားလေးကွင်း တောင်ဘက်မှာရှိတဲ့ စစ်အုပ်စုရဲ့ သတင်းပေးဆိုသူ တစ်ဦးရဲ့ နေအိမ်ကို လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် မွန်းလွဲ ၁၂ နာရီကျော်လောက်မှာ ထန်းတောကျွန်းဆွယ်မှာရှိတဲ့ ထောက်လှမ်းရေးဟောင်း ဦးကျော်မြင့်ရဲ့ နေအိမ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို လက်ပစ်ဗုံးတစ်လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DRPA နဲ့ ထောက်ပို့တပ် MACT တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအပြီးမှာ ပူးပေါင်းတပ်ဖွဲ့က ထိခိုက်သူမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။