ကရင်နီပြည်နယ်အတွင်း ဖမ်းဆီးထားတဲ့ အကျဉ်းသား ၂၄ ဦးကို ခံဝန်ကတိနဲ့ လွတ်ငြိမ်းခွင့်ပြု

ကရင်နီပြည်နယ်အတွင်း ဖမ်းဆီးထားတဲ့ အကျဉ်းသား ၂၄ ဦးကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက ခံဝန်ကတိနဲ့ လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။
ကရင်နီပြည်နယ်အတွင်း လက်ရှိဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသား ၁၂၆ ဦးအနက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့တောင်းဆိုမှု၊ လူသားချင်း စာနာထောက်ထားမှုအရ ၂၄ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်တိုင်တွေဖြစ်တဲ့ ထောက်လှမ်းရေးတပ်တွေ၊ စစ်သားတွေ၊ ရဲတွေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ထောက်တိုင်အဖြစ် ပါဝင်သူမှန်သမျှနဲ့ တခြားရာဇဝတ်မှု ကျူးလွန်သူတွေကို ကရင်နီပြည်နယ်ရဲဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ထုတ်ပြန်ပါတယ်။
အရင်က ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူတွေထဲက တရုတ်နိုင်ငံသား ၄ ဦးအပါအဝင် အကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကရင်နီပြည်နယ်အတွင်း စစ်အုပ်စုထောက်တိုင်အဖြစ် ပါဝင်ပတ်သက်နေသူတွေအနေနဲ့ အမြန်ဆုံးသိရှိပြင်ဆင်ပြီး ဘက်ပြောင်း ပူးပေါင်းကြဖို့လည်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက တိုက်တွန်းထားပါတယ်။