နေပြည်တော် ကောင်စီနယ်မြေမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကကျောင်း ၃၂ ကျောင်းအနက် ၁၈ ကျောင်းကို စစ်အုပ်စုက ဖွင့်ခွင့်ပိတ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
နာမည်ကြီး ပုဂ္ဂလိကစာသင်ကျောင်းတွေဖြစ်တဲ့ ဥတ္တရသီရိမြို့နယ်က CAE ကိုယ်ပိုင်အထက်တန်းကျောင်း ၊ ဇမ္ဗူသီရိမြို့နယ်က မဟာပညာ ကိုယ်ပိုင်အထက်တန်းကျောင်း၊ တပ်ကုန်းမြို့နယ်က တော်ဝင် ကိုယ်ပိုင်အထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ်မှ ထူးချွန် ကိုယ်ပိုင်အထက်တန်းကျောင်းတွေ အပါအဝင် စာသင်ကျောင်း ၁၈ ကျောင်းကို ဆက်လက်ဖွင့်လှစ်ခွင့် ပိတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
“CAE တို့၊ မဟာပညာတို့၊ တော်ဝင် တို့ဆိုတာက နာမည်ကြီးကျောင်းတွေ။ ကျောင်းသား ထောင်ချီရှိတယ်။ ဥတ္တရသီရိမှာဆိုရင် ကိုယ်ပိုင်ကျောင်း လေးကျောင်းရှိတာ လေးကျောင်းလုံး ပိတ်ခံရတယ်လို့ ကြားတယ်။ တချို့ကျောင်းတွေဆိုရင် မနှစ်ကလည်း ဖွင့်တယ်” လို့ နေပြည်တော် ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက MFP မှာ ဖြေကြားထားပါတယ်။
စစ်ကောင်စီက ကိုယ်ပိုင်စာသင်ကျောင်းတွေကို ပိတ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ တရားဝင် အကြောင်းကြား ထုတ်ပြန်ထားတာတော့ မရှိသေးဘူလို့ သိရပါတယ်။
“ပြီးခဲ့တဲ့ သောကြာနေ့က G.11 စနစ်သစ် ဆင့်ပွားသင်တန်း လုပ်လို့ ဆရာ၊ ဆရာမတွေ သင်တန်းသွားတဲ့အချိန်မှာ အဲ့ဒီ ကျောင်းတွေက ဆရာ၊ ဆရာမတွေကို သင်တန်းအတက် မခံဘဲ ခဗျားတို့ ကျောင်းတွေကို ပိတ်လိုက်ပြီ။ ဖွင့်ခွင့်မရှိတော့ဘူး။ ခဗျားတို့လည်း ပြန်ကြပါဆိုပြီး ပြောလိုက်တယ်” လို့ နေပြည်တော် ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက MFP မှာ ဖြေကြားထားပါတယ်။
အပိတ်ခံရတဲ့ စာသင်ကျောင်းတွေကို တည်ထောင်ထားသူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချို့လည်း ပါဝင်နေတာကြောင့် အခုလို ပိတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေပေမဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲပဲဖြစ်ပါတယ်။