ပဲခူးတိုင်း၊ ကဝမြို့ ပရဟိတသမား၊သွေးလှူရှင်အသင်း ဥက္ကဋ္ဌ ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ပရဟိတသမားကိုမင်းခန့်ဇော်ကို မေလ၂၃ရက်နေ့က ကဝမြို့၊၃ရပ်ကွက်၊ပဲခူးလမ်းရှိ စိန်သီတာ စား သောက်ဆိုင်မှာ စစ်တပ်ကသူ့ရဲ့ဖုန်းကိုပါတပါတည်းသိမ်းဆည်းကာ ဖမ်းသွားခြင်းဖြစ်ပြီး ပဲခူးမြို့ ကိုခေါ်ဆောင်သွားကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Kawa Information က ထုတ်ပြန် ပါတယ်။
‘လာဖမ်းသွားတဲ့ စိန်သီတာဆိုင်ဆိုတာ သူပိုင်တဲ့ဆိုင်ပါ။သူဟာ ဘယ်နိုင်ငံရေးပါတီနဲ့မှပတ်သက်မှုမရှိတဲ့ ပရဟိတသမားတစ်ယောက်ပါ’လို့ ကဝမြို့ပေါ်နေ တက်ကြွလူငယ်တစ်ဦးကပြောပါတယ်။
ကိုမင်းခန့်ဇော်ဟာ၂၀၁၇ခုနှစ်ကတည်းက ကဝမြို့ပေါ်မှာ ပရဟိတလုပ်ငန်း ဆောင်ရွက်လာသူတစ်ဦးဖြစ်ပြီး ကဝမြို့ လူမှုဂရုဏာ ဇီဝိတဒါန သွေးလှူရှင်အသင်းရဲ့ ဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့အပြင် ကဝမြို့ လူမှုဂရုဏာရှင်ရေးနဲ့ နာရေးကူညီမှုအသင်းရဲ့ ပရဟိတသမားတစ်ယောက်ဖြစ်ကြောင်း Kawa Information က ဆိုပါတယ်။
ကိုဗစ်ရောဂါ ပထမလှိုင်း၊ဒုတိယလှိုင်းနဲ့တတိယလှိုင်းကာလအတွင်း ကိုမင်းခန့်ဇော်ဟာ ကဝမြို့ ကိုဗစ်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတွေမှာ အားကြိုးမာန်တက်
အပင်ပန်းခံဆောင်ရွက်ခဲ့တဲ့ပရဟိတသမားတစ်ဦးဖြစ်တယ်လို့ ကဝမြို့ခံတွေက ဆိုကြောင်း Kawa Information ကထုတ်ပြန်ပါတယ်။
ကိုမင်းခန့်ဇော်ကို ဘာ့ကြောင့်ဖမ်းဆီးသလဲဆိုတာ မသိရသေးပါဘူး။
photo-kawa information