အီရန်တော်လှန်ရေး အစောင့်တပ် ဗိုလ်မှူးကြီး တီဟီရန်မှာ လုပ်ကြံခံရ

Photo – Gettyimages

အီရန်တော်လှန်ရေးအစောင့်တပ် ဗိုလ်မှူးကြီး Sayad Khodai ဟာ မြို့တော်တီဟီရန်မှာ လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က မေလ ၂၂ရက်မှာ ပြောပါတယ်။

Khodai ဟာ အီရတ် ဒါမှမဟုတ် ဆီးရီးယားမှာရှိတဲ့ ရှီးဟိုက်နေရာတွေကို ကာကွယ်ဖို့ ကာကွယ်သူတဦးဖြစ်ပြီး အိုင်အက်စ်စစ်သွေးကြွလို အုပ်စုတွေကို တိုက်ခိုက်ဖို့ ပြောကြားခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

 “မော်တော်ဆိုင်ကယ်တစ်စီးပေါ်က လူနှစ်ဦးက Khodai ကို ပစ်ခတ်ခဲ့တယ်” လို့ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး Tasnim သတင်းဌာနက ပြောပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်တွေက အစ္စရေးထောက်လှမ်းရေးကွန်ရက်တစ်ခုရဲ့ အဖွဲ့ဝင်တွေကို ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးခဲ့တယ်လို့လည်း သိရပါတယ်။ 

၂၀၁၀ ခုနှစ်ကတည်းက အီရန်သိပ္ပံပညာရှင်တွေနဲ့ ပညာရှင် ခြောက်ဦးထက်မနည်း သေဆုံးခဲ့တာတွေ ဒါမှမဟုတ် တိုက်ခိုက်ခံရတာတွေ ရှိခဲ့ပြီး ဒါဟာ အီရန်ရဲ့ အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်ကို ပစ်မှတ်ထားတယ်လို့ အနောက်နိုင်ငံတွေက ယုံကြည်ကြပါတယ်။

အီရန်ကတော့ သူ့ရဲ့နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တွေရှိတယ်လို့ ငြင်းဆိုထားပြီး သတ်ဖြတ်မှုတွေကို အနောက်ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ မော့ဆက်တို့က ဆောင်ရွက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေအဖြစ် ရှုတ်ချထားပါတယ်။ အစ္စရေးကတော့ ဒီလိုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

ဧပြီလမှာ အီရန်ထောက်လှမ်းရေး ဝန်ကြီးဌာနက မော့ဆက်သူလျှို သုံးဦးကို ဖမ်းဆီးထားတယ်လို့ Fars သတင်းအေဂျင်စီက ထုတ်ပြန်ထားပါတယ်။