ဂန့်ဂေါမြောက်ပိုင်းတိုက်ပွဲ ကင်းထောက်တက်လာတဲ့ စစ်သားနဲ့ပျူ ၅ ဦးကို ရှင်းလင်းခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြောက်ပိုင်း၊ စမ်းမြို့ရွာအနီး ထိတွေ့တိုက်ပွဲမှာ ကင်းထောက်တက်လာတဲ့ စစ်သားနဲ့ပျူစောထီး ၅ ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဂန့်ဂေါ PDF က ထုတ်ပြန်ပါတယ်။
မေလ၂၁ ရက်နေ့ မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းထိုးလာတဲ့စစ်ကြောင်းနဲ့ ဂန့်ဂေါ PDF တပ်ရင်း (၁) တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအချိန် ၂ နာရီလောက်ကြာကာ စစ်တပ်ဘက်က ဒဏ်ရာရသူတွေလည်းများကြောင်း ထုတ်ပြန်ပါတယ်။
အထိနာလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၆၀ မမနဲ့ ၁၂၀ မမလက်နက်ကြီးတွေနဲ့ အချက် (၅၀) လောက်အဆက်မပြတ် ပစ်ကူပေးကာ တိုက်ခိုက်ခဲ့ပေမဲ့ PDF ရဲဘော်တွေ အထိအခိုက်မရှိ ခုခံဟန့်တားနိုင်ခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်ကြောင်းတစ်လျှောက် စစ်ဘေးရှောင်တဲတွေကို မီးရှို့ဖျက်ဆီးခြင်း၊ ကျွဲနွားတွေသတ်ဖြတ်စားသောက်ခြင်း၊ ဆန်စပါးနဲ့ စားနပ်ရိက္ခာတွေကို ယူဆောင်ခြင်းနဲ့ မီးရှို့ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။