စစ်ကိုင်းတိုင်း တန့်ဆည်မြို့နဲ့ မင်းကင်းမြို့ အစပ်မှာရှိတဲ့ သဲကြီးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ် ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး ရဟတ်ယာဉ် ၃စီးနဲ့ တပ်ကူပို့ကာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မင်းကင်း PDFမှ ဗိုလ်သိန်းငှက်က ပြောပါတယ်။
မနေ့က မေလ ၂၀ရက်နေ့ နေ့လည် ၁၂နာရီလောက်မှာ တိုက်လေယာဉ်နဲ့ ၁၀ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ကာ ရဟတ်ယာဉ်၃စီးနဲ့ တပ်ကူပို့ဆောင်ပြီး မောင်းပြန်သေနတ်တွေနဲ့ပါ အဆက်မပြတ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အရပ်သားပြည်သူ မိန်းကလေး ၂ဦး၊ ယောင်္ကျားလေး ၁ဦးသေဆုံးတယ်၊ ပကဖအဖွဲ့ဝင် ၂၀လောက် ဒဏ်ရာရတယ်၊ စခတွေက အခု ရွာသား ၈၀လောက်ကို ဖမ်းထားပြီး ရွာကိုလည်း မီးရှို့နေတယ်၊ ကျွန်တော်တို့က အခု မိုင်းဆွဲပြီးတော့ ကာနေတယ် အင်အားမမျှရင်တော့ သိမ်းပြီးတော့ တပ်ဆုတ်ရမယ်”လို့ မင်းကင်းPDF တပ်ရင်း ၄ တပ်ခွဲ၂မှ တာဝန်ရှိသူတစ်ဦး ဖြစ်သူ ဗိုလ်သိန်းငှက်က ပြောပါတယ်။
ဒီကနေ့ မေလ ၂၁ရက်နေ့ မနက်ပိုင်းက စတင်ပြီး သဲကြီးကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ တစ်လုံးထိုး လုပ်သေနတ်တွေနဲ့ စစ်အုပ်စုကို ရင်ဆိုင်နေရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။