ဒီနေ့ခေတ်အခါကြီးထဲ အိမ်တစ်လုံးဖြစ်လာဖို့ဆိုတာ မိဘနောက်ခံအထောက်အပံ့ မရှိခဲ့ရင်၊ကိုယ့် အားကိုယ်ကိုး ကောင်းရောင်းကောင်းဝယ်နဲ့ အဂတိလိုက်စားမှုကင်းခဲ့မယ်ဆိုရင် တကယ့်ကို မလွယ်လှပါဘူး။
မြန်မာနိုင်ငံထဲမပြောနဲ့၊နိုင်ငံရပ်ခြားသွားပြီး ကျွမ်းကျင်ဝန်ထမ်းအဆင့် အလုပ်လုပ်ကိုင်တဲ့သူ တောင် တစ်လကို မိသားစုစားပြီးသောက်ပြီး ၁၀သိန်းလောက်စုမိဖို့ဆိုတာ မလွယ်။ဒီနေ့ခေတ် ကျေးလက် မှာ ပေ၄၀-၆၀ မြေကွက်ဝယ်၊ သပ်သပ်ရပ်ရပ် အိမ်လေးတစ်လုံးဆောက်ဖို့ဆိုတာ သိန်း၂၀၀လောက်တော့ အသာ လေး ကုန်မယ်ဖြစ်ခြင်း။မြေတစ်ကွက်နဲ့ အိမ်တစ်လုံးအတွက် ကျနော်တို့သက်ပြင်းတွေ ချွေးဒီးဒီးကျ ခဲ့ ကြရ တာ တွေက နှစ်အတန်ကြာ။
အိမ်တစ်လုံးတည်ဖို့မလွယ်သလို ရွာတစ်ရွာတည်ဖို့ဆိုတာ ပိုလို့တောင်မလွယ်သေး။မနေ့တနေ့က ပေါ် လာတယ်ဆိုတောင် ရွာအင်္ဂါရပ်နဲ့ညီနေပြီဆိုရင်အဲဒီရွာရဲ့သက်တမ်းဟာ အနည်းဆုံးနှစ်ပေါင်း၁၀၀ လောက် တော့ ရှိကြတယ်။ပြောရရင် ရွာတစ်ရွာ၊ ရွာအင်္ဂါရပ်နဲ့အညီ ဖွံ့ဖြိုး စည်ပင်နေဖို့ဆိုတာ ကိုယ့်ရွာကိုယ် ချစ်လှပါ တယ်ဆိုတဲ့ မျိုးဆက်တစ်ဆက်ရဲ့ ကြုံးရုန်းလုပ်အားနဲ့ပင်မလွယ်။
ရွာအဝင်လမ်းတစ်လျှောက် အရိပ်ရသစ်ပင်ကြီးတွေနဲ့ ရွာကိုဝင်တာနဲ့ အေးချမ်းသွားလိုက်တာဆိုတဲ့ ဂုဏ်ကိုရဖို့၊ရွာအဝင်ထိပ်မှာ ခရီးသွားဧည့်တွေ နားခိုစရာဇရပ်ငယ်နဲ့ အရိပ်ရသစ်ပင်အောက် ခပ်စိမ့်စိမ့်အေး နေ တဲ့ရေချမ်းစင်လေးတစ်လုံး တည်နိုင်ဖို့။ရွာလမ်းတစ်လျှောက် နေပူရင်ဖုန်မထ၊မိုးရွာရင် ရေမတင် ဗွက် လမ်း မ ဖြစ်၊ချောကျိနေခြင်းမျိုးလည်းမရှိဘဲ ကျောက်စရစ်ခဲနာနာ၊သဲနာနာ သိပ်ထားတဲ့လမ်းဖြစ်ဖို့၊ပြီးတော့ လမ်းနှစ် ဖက်မှာ ရေမြောင်းငယ်လေးတွေ သွယ်တန်းထားတဲ့အဆင့်ရောက်ဖို့ဆိုတာတော်တော် မလွယ်။
‘ရွာလယ်မှာ ကိုယ့်ရပ်ရွာသာရေးနာရေးစုဝေးစရာ ဇရပ်ခပ်ကျယ်ကျယ်များရှိရင် သိပ်မျက်နှာရှိတာ’ တဲ့ ။တစ်ချိန်က ကျနော့်အဘွားပြောပြခဲ့ဖူးတဲ့ ခမ်းနားလွန်းလှတဲ့ရွာ။ပြီးတော့ ရွာကျက်သရေဆောင် ရွာဦး ကျောင်းဆိုတာကလည်း ဟီးထနေဦးမှ အများအမြင်မှာ ဘာသာတရားကိုင်းရှိုင်းတဲ့ရွာကြီးဖြစ်မှာ။
ပြီးတော့ ရွာသားတွေဟာ မျိုးဆက်အလီလီကြာ ကိုယ့်ရွာမှာကိုယ် ပွားစည်းခဲ့ကြတာမို့ သူတို့ရပ်ရွာ အပေါ် ချစ်စိတ်ဆိုတာက သွေးသားထဲအထိ နက်ရှိုင်းခဲ့ကြတာချည်း။ရွာကိုလာမထိနဲ့ မီးပွင့်သွားမယ်ဆိုတာ ချည်း။ရွာနဲ့ရွာသားကြားပူးချည်ထားတဲ့ကြိုးက သိပ်ကို နက်ရှိုင်းလွန်းလှတာမို့ ငတ်ချင်ငတ်ပါစေ၊ရွာကနေ ဘယ်မှ မခွာဘူးဆိုသူတွေလည်း မနည်းလှ။ထားတော့။
ပြောချင်တာက ရွာယဉ်ကျေးမှုဖွံ့ဖြိုးဖို့ဆိုတာ ရွာသားတွေရဲ့ ကိုယ့်ရွာကိုယ်ချစ်စိတ်၊ငွေအားနဲ့လုပ် အား သမအောင်ပေါင်းစည်းလို့ တဖြည်းဖြည်းအချိန်ယူတည်ဆောက်ခဲ့ကြရတာချည်း။ရွာသေးသေးကနေ ရွာကြီးကြီးတစ်ရွာဖြစ်လာဖို့ဆိုတာလည်း မျိုးဆက်အလီလီ နင့်နေအောင် ချစ်စိတ်နဲ့ ဖွဲ့စည်းခဲ့ရတာချည်း။
ငယ်ငယ်က မုံရွာနဲ့မန်းမှာ နိုင်ကျဉ်းဘဝ ခဏတာဖြတ်သန်းခဲ့ဖူးလေတော့ အညာသားနိုင်ကျဉ်းတွေနဲ့ ဒီနေ့ထိတိုင် အနေနီးခဲ့။အညာသားတွေပြောတဲ့ သူတို့အညာရွာယဉ်ကျေးမှုတွေနဲ့ ရှေးအလီလီက ဖွဲ့စည်းခဲ့ တဲ့ အညာသားယဉ်ကျေးမှုကို ဆက်စပ်တွေးခဲ့မိ။အခုနာမည်ကျော်အနောက်မြောက်လွင်ပြင်။အကြမ်းဖက်စစ် တပ်ရှို့လို့ပြာကျခဲ့တဲ့ မီးလောင်ပြင်မှာ သပိတ်တိုက်ပွဲဆင်နွှဲနေတာမြင်ရ ကြက်သီးတဖြန်းဖြန်းထ ရင်နင့်ရ။
သူတို့အညာရွာကြီးတွေဆိုတာက ရှေးနှစ်ပေါင်းများစွာကတည်းက စတင်ခဲ့ကြတာမို့ သမိုင်းအစဉ်အ လာ ကြီးမား ထည်ဝါစွာ။စစ်တပ်က ဝင်ရောက်လုယက်တာ ၂ကြိမ်ရှိပြီဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ထဲက မင်းတိုင်ပင်ရွာဆို ရွာကြီးတစ်ရွာဖြစ်သလို သမိုင်းမှာကျော်ကြားခဲ့တဲ့ ကင်းဝန်မင်းကြီးဦးကောင်းရဲ့ ဇာတိရပ် ရွာမို့ ကင်းဝန်မင်းကြီးရွာအဖြစ်ကျော်ကြားခဲ့။ပြောရရင်အညာမှာ အစဉ်အလာကြီးတဲ့ရွာတစ်ရွာမဟုတ် တောင် သက် တော်ရှည် ရွာ တွေက မနည်းလှ။ရွာတွေရဲ့သက်တမ်းက ဘယ်လောက်ထိအောင် သက်တော် ရှည်ခဲ့သလဲဆိုတော့ ရွာသားတွေတောင် ကိုယ့်ရွာရဲ့မူလအစကို အပ်ကျမတ်ကျ မပြောပြနိုင်အောင်။
မေ၁၄ရက်နေ့ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်က လုယက်မီးရှို့ခဲ့တဲ့ မကွေးတိုင်း၊မြိုင်မြို့နယ်ထဲက လက်ယက်မရွာဆို အိမ်ခြေ၂၀၀၀ကျော်ရှိတာမို့ ပုလဲမြို့ထက် ပိုကြီးတဲ့ရွာကြီးတစ်ရွာ။လက်ယက်မ-ရန်ကုန် ပြေးတဲ့ အဝေးပြေးကားဂိတ်ပင် ၂ဂိတ်ရှိတဲ့ရွာမို့ သူ့စည်ပင်မှုက မြို့နဲ့အပြိုင်။
အဲဒီလက်ယက်မရွာကို စစ်တပ်က မီးရှို့ခဲ့တယ်။ရွာကြီးတစ်ရွာလုံး ပြာကျစေချင်တဲ့ ယုတ်မာ ပက် စက်တဲ့ အကြံဆိုးနဲ့ သိပ်သိပ်သည်းသည်း များများစားစား လောင်ရလေအောင် ရွာရဲ့နေရာ၃ခုကနေ တစ်ပြိုင်နက်မီးရှို့ခဲ့တယ်။တစ်ရွာလုံးက စစ်တပ်ဝင်လာပြီဆိုတာနဲ့ ထွက်ပြေးကြရတာမို့ မီးငြှိမ်းသတ်မယ့်လူ မရှိ၊ညနေကတည်းက လောင်တဲ့မီးဟာ သန်းခေါင်ယံ၁၂နာရီလောက်အထိ။စုစုပေါင်းအိမ်၁၇၀၀လောက်မီး လောင်ခဲ့တယ်လို့ သတင်းတွေကဆိုတယ်။
အိမ်ခြေ၂၀၀၀ကျော်ရှိတဲ့ရွာကြီးတစ်ရွာဖြစ်လာအောင် နှစ်ပေါင်းများစွာ မျိုးဆက်အလီလီ နစ်နေ အောင်အားစိုက်လာခဲ့သမျှ နာရီပိုင်းလောက်အကြာမှာ ဘယ်လိုကြည့်ကြည့် ခံစားလို့မရတဲ့ မီးလောင်ပြင်ကြီး ဖြစ်ခဲ့ရတယ်။ပြောရရင် အကြမ်းဖက်စစ်တပ်ဟာ ရပ်ရွာပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို အဓမ္မလုယက် မီးရှို့ ဖျက်ဆီးရုံတင်မက နှစ်လရှည်ကြာ တဖြည်းဖြည်းပြုစုပျိုးထောင်ခဲ့ရတဲ့ လူ့ယဉ်ကျေးမှုကိုပါ ဖျက်ဆီးခဲ့ခြင်း ဖြစ်တယ်။
လက်ယက်မရွာမှမဟုတ်၊ရှို့လိုက်တဲ့မီးက မြိုင်မြို့နယ်မှာလည်း ဆက်တိုက်၊ရေစကြိုမြို့နယ်က ရေလယ်ကျွန်းဒေသဆို ဒုတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခြင်း။စစ်ကိုင်းတိုင်းမှာဆိုရင် နေ့စဉ် ပြည်သူတွေ ကို သတ်ဖြတ်၊ပြည်သူပိုင်ပစ္စည်းတွေလုယက်ပြီး ပြည်သူပိုင်အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ ဒီနေ့ထိတိုင် မီးခိုးတွေ ထူထဲလို့။
ပြည်သူ့အိုးအိမ် မီးရှို့ဖျက်ဆီးမှုကို ဘယ်ကတည်းက စတင်ခဲ့သလဲဆို ၂၀၂၁ခုနှစ်မေလကတည်းက လို့ Data for Myanmar ရဲ့စစ်တမ်းက ဆိုတယ်။၂၀၂၁မေလမှာ အိမ်၃လုံးမီးရှို့ခြင်းနဲ့စတင်ခဲ့တဲ့အကြမ်းဖက် စစ်တပ်ဟာ ၂၀၂၁ဒီဇင်ဘာရောက်တော့ အိမ် ၉၆၁လုံး မီးရှို့ဖျက်ဆီးတဲ့အထိ အတင့်ရဲခဲ့တယ်။
ပြည်သူကို ရန်သူအဖြစ် အစွမ်းကုန်ရက်စက်နေတဲ့ အကြမ်းဖက်စစ်တပ် ဟာ ၂၀၂၂ခုနှစ် ဇန်နဝါ ရီရောက်တော့ ၁၀၅၉လုံး၊ဖေဖေါ်ဝါရီမှာ ၂၈၈၂လုံး၊မတ်လမှာ ၁၈၅၃လုံး၊ဧပြီလမှာ ၃၅၁၄လုံးတို့ကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း Data for Myanmar ကဖော်ပြခဲ့တယ်။
အခုမေလ ၁၅ရက်တာကာလ အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူ့နေအိမ်မီးရှို့ဖျက်ဆီးမှုစာရင်းကို Data for Myanmar က မထုတ်ပြန်သေးပေမဲ့ သတင်းဖော်ပြချက်တွေအရ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးလဖြစ်တဲ့ ဧပြီလထက် မေလအတွင်းမီးရှို့ခံရတဲ့အိမ် ပိုများလာနိုင်ခြေရှိပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကိုကြည့်လိုက်ရင် ၂၀၂၁ခုနှစ်အတွင်း တရိပ်ရိပ်တက်လာခဲ့ရာ ကနေ ၂၀၂၂ခုနှစ်ရောက်တော့ ရွာမြင်ရင် မီးရှို့ကိုရှို့ပစ်ရမယ်လို့ အမိန့်ချထားတဲ့ပမာ အစွမ်းကုန်မီးရှို့နေပါ တော့တယ်။သေချာပြောနိုင်တာက ရွာတွေကို မီးရှို့ပစ်ဖို့ နေပြည်တော်အမိန့်ရလို့သာ ဒီလောက်မီးရှို့နေတာ လို့ ကောက်ချက်ချနိုင်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ရွာတွေကို မီးရှို့ပစ်ခြင်းဟာ အမြင့်ဆုံးအဆင့်မရောက်သေးတာမို့ ဒါ့ထက်ပို မို ရှို့နေပါဦးမယ်။ရွာတွေကိုရှို့ပြီးရင် မြို့တွေကိုလည်း ရှို့လာနိုင်ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ မင်းအောင်လှိုင်ဟာ လုံးဝဂိတ်ဆုံးနေသူတစ်ဦးဖြစ်ပြီး ပြည်သူ့နေအိမ်တွေ မီး ရှို့ဖျက်ဆီးနေတာကို နိုင်ငံတကာကရော မြန်မာတော်လှန်ရေးအင်အားစုတွေပါ ဟန့်တားနိုင်စွမ်းမရှိသေးတာ ကြောင့်ပါပဲ။
ဒါပေမဲ့ ပြည်သူတွေရဲ့ ရဲရဲတောက် နီစွေးနေတဲ့နှလုံးသားကိုတော့ မီးရှို့ဖျက်ဆီးလို့မရတာလည်း အသေ အချာပါပဲ။
■ ထွန်းလင်း