ကသာမြို့နယ်အတွင်း စစ်အုပ်စုက အင်အားတိုးချဲ့နေ

ကချင်ပြည်နယ် ကသာမြို့အထက်ပိုင်းကို စစ်အုပ်စုက အင်အား ၃၀၀ကျော်နဲ့ အင်အားတိုးချဲ့နေတယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KNG သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ မေလ ၁၈ရက်နေ့မှာ သင်္ဘော ၃စီးနဲ့ ရောက်ရှိလာပြီး ကသာမြို့နယ် အင်းရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။
“အရင်ကဆို သင်္ဘောပုံမှန် ၂စီးလောက်ဘဲ တက်လာတာ အင်အားကလည်း သိပ်မများဘူး။ ဒီတစ်ခေါက်တော့အင်အားက သဘော်တစ်စီးမှာဆို အင်အားက ၁၀၀ လောက်ရှိမယ် တော်တော်များတယ်”လို့ ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်သင်္ဘောတွေ ဆန်တက်မယ့် မြစ်ကြောင်းတစ်လျှောက်မှာလည်း စစ်အုပ်စုက အင်အား၁၀၀​လောက်နဲ့ လုံခြုံရေးရယူထားတာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်သင့်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။
“သင်္ကြန် နောက်ပိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်းဘက်ကိုပိုဖိမယ်လို့‌ သူတို့ ပြောထားပြီးသား ဟုတ်တယ်။ အဲတော့ ခုအခြေနေကိုကြည့်မယ်ဆိုလည်း ဒီတစ်ခေါက်က စစ်အင်အားတော်တော်များများ တိုးချဲ့လာတာတွေ့ရတယ် အဲတော့ရှေ့ဆက်က တိုက်ပွဲတွေလည်း ပြင်းထန်လာနိုင်ပါတယ်”လို့ ကသာ ပကဖအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
စစ်အုပ်စုဟာ ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပြီး စစ်အင်အား တိုးချဲ့တာ ရိက္ခာစုဆောင်းတာတွေကို လုပ်ဆောင်နေခဲ့ပြီး အခုလို အင်အားအများအပြား ဖြည့်တင်းလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားပါတယ်။
Credit- KNG