၂၀၂၂ ခုနှစ် ပထမလေးလတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၀၇ သန်းကျော် ဝင်ရောက်ခဲ့တယ်လို့ ISP-Myanmar ကထုတ်ပြန်ပါတယ်။
ဇန်နဝါရီလမှာ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် ဝင်ရောက်ခဲ့ပေမယ့် ဖေဖော်ဝါရီလမှာ အမေရိကန်ဒေါ်လာ ၂၄ နီးပါး အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။ မတ်လမှာ အမေရိကန်ဒေါ်လာ ၁၁၆ သန်းကျော်ထိ ပြန်ဝင်ရောက်ခဲ့ပြီး ဧပြီလမှာ အမေရိကန်ဒေါ်လာ ခြောက်သန်းနီးပါးသာ ဝင်ရောက်ခဲ့ပါတယ်။
အဲဒီကာလအတွင်းမှာ အာဆီယံနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကအများဆုံးဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၅၄ ရာခိုင်နှုန်းအထိရှိကာ တရုတ်ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်ရှိပြီး စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် နှိုင်းယှဉ်ကြည့်ရင် အခြားဝန်ဆောင်မှုတွေကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၁၃ သန်းကျော်နဲ့ အများဆုံးဖြစ်ပြီး ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၂၂ သန်းကျော်နဲ့ ဒုတိယအများဆုံးဝင်ရောက်ခဲ့ပါတယ်။
အိမ်ခြံမြေကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၃၈ သန်းကျော်၊ စွမ်းအင်ကဏ္ဍမှာ ၁၇ သန်းကျော်နဲ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွေမှာလည်း ၁၅ သန်းကျော် စီဝင်ရောက်ခဲ့ပါတယ်။
ဆောက်လုပ်ရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ စက်မှုဇုန်၊ ပို့ဆောင်ဆက်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေး ကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမှု လုံးဝဝင်ရောက်ခဲ့ခြင်း မရှိတာကိုတွေ့ရကြောင်း ISP-Myanmar ကဆိုပါတယ်။