ဘာစီလိုနာမြို့အနီး ရထားနှစ်စင်းတိုက်မိပြီး လူဒါဇင်နဲ့ချီ ဒဏ်ရာရ

Photo – Reuters

စပိန်နိုင်ငံ ၊ ဘာစီလိုနာမြို့ပြင်မှာ မေလ ၁၆ရက်နေ့ ညပိုင်းက ရထားနှစ်စင်းတိုက်ခဲ့ပြီးနောက် ခရီးသည်တင်ရထား မောင်းနှင်သူ သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ ကတ်တလန် ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၈၅ ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။ 

မနေ့က ညနေ ၆ နာရီဝန်းကျင်လောက်က Sant Boi de Llobregat ဘူတာရုံမှာ ကုန်တင်ရထားတစီးက လမ်းချော်ပြီး ခရီးသည်တင်ရထားတစီးကို တိုက်မိခဲ့တာပါ။

အခင်းဖြစ်နေရာကို ရောက်ရှိလာတဲ့ ကတ်တလန်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Jordi Puignero က ရထားတိုက်ရတဲ့အကြောင်းရင်းကို ချက်ချင်း စုံစမ်းစစ်ဆေးမှု စတင်မှာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

“ရထားလမ်းချော်မှုမှာ သေဆုံးသွားတဲ့ ရထားမောင်းသူရဲ့ မိသားစုအတွက် အထူးဝမ်းနည်းရပါတယ်” လို့ ၀န်ကြီးချုပ် Pedro Sanchez ကလည်း တွစ်တာမှာ ရေးသားထားပါတယ်။