PDF ယူနီဖောင်းဝတ်ထားတဲ့ အကြမ်းဖက်စစ်သားတွေ ရေဦးရွာတွေထဲ ဝင်ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေဟာ PDF ယူနီဖောင်းတွေ ဝတ်ဆင်ကာ ရွာတွေထဲဝင်ရောက်ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာကို ရောက်နေတဲ့ စစ်သားတွေဟာ ပကဖနဲ့ PDF ယူနီဖောင်းအချို့ ရရှိသွားပြီးနောက် အဲဒီယူနီဖောင်းတွေကို ဝတ်ဆင်ကာ အင်ပင်အုပ်စုရှိ ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးနေကြောင်း ရေဦးပကဖက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
‘အဲဒီလိုအယောင်ဆောင်ပေမဲ့ ပြည်သူတွေက သူတို့မှန်းသိပါတယ်။ သူတို့ကလည်း PDF ယူနီဖောင်းဝတ်ပြီး ရွာတွေထဲဝင်ဖျက်မယ်။ မီးရှို့မယ်။ သူတို့ကိုယ်သူတို့ ဓာတ်ပုံရိုက်ပြီး PDF တွေ ရွာဖျက်တယ်ဆိုပြီး ဝါဒဖြန့်မယ်။ ပြည်သူတွေမယုံမှန်းတော့ သူတို့ကိုယ်တိုင်လည်းသိတယ်’ လို့ ရေဦးမြို့၊အောင်ဆန်းရပ်ကွက်နေ ပြည်သူတစ်ဉီးက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်သားအင်အား ၅၀ လောက်ဟာ ရေဦးမြို့နယ်၊ ကားဆိပ်ရွာကို ဝိုင်းထားပြီး အိမ်တစ်အိမ်ကို မီးရှို့ခဲ့ပါတယ်။ အဲဒီနောက် ပြည်သူ ၆ ဦးကို ဓားစာခံအဖြစ် ဖမ်းသွားပြီး ၃ ဦးကို ပြန်လွှတ်ပေးကြောင်း ရေဦးပကဖက ထုတ်ပြန်ပါတယ်။
ကားဆိပ်ရွာထဲ အိမ်ဘယ်နှလုံး မီးလောင်သွားသလဲဆိုတာ မသိရသေးပါဘူး။