လူမြင်ကွင်းမှာ အမျိုးသမီးတွေရဲ့ မျက်နှာနဲ့ခန္ဓာကိုယ်ကို အပြည့်အ၀ဖုံးအုပ်ထားရမယ်ဆိုတဲ့ တာလီဘန်တွေရဲ့ အမိန့်အပေါ် မေလ ၁၀ ရက်နေ့က အာဖဂန်နစ္စတန်မြို့တော်မှာ များပြားလှတဲ့အမျိုးသမီးတွေ စုဝေးပြီး ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
အာဖဂန်နစ္စတန်ရဲ့ထိပ်တန်းခေါင်းဆောင်၊တာလီဘန်အကြီးအကဲ Hibatullah Akhundzada က အမျိုးသမီးတွေကို ရိုးရာအရ Burqa ခေါ် မျက်နှာဖုံး ခေါင်းမြီးခြုံဝတ်ရုံ ဝတ်ဆင်ဖို့ အခုသီတင်းပတ်ကုန်မှာ အမိန့်ထုတ်ပြန်ခဲ့တာပါ။
ကဘူးလ်မြို့လယ်မှာ မျက်နှာဖော်ထားတဲ့ ဆန္ဒပြအမျိုးသမီးတွေဟာ “တရားမျှတမှု၊ တရားမျှတမှု” လို့ အော်ဟစ်ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
အမျိုးသမီးတွေ စီတန်းချီတက်လာတာကို တာလီဘန်တိုက်ခိုက်ရေးသမားတွေက အချိန်တိုအတွင်း တားဆီးခဲ့ပြီး သတင်းထောက်တွေရဲ့ သတင်းယူခွင့် ပိတ်ပင်ခဲ့ပါတယ်။
ဝတ်စားဆင်ယင်မှုဆိုင်ရာစည်းမျဉ်းအသစ်ကို မလိုက်နာတဲ့ အမျိုးသမီး အစိုးရ၀န်ထမ်းတွေကို အလုပ်ထုတ်ဖို့အပြင် ဇနီးနဲ့သမီးတွေ လိုက်နာဖို့ ပျက်ကွက်ပါက အမျိုးသာအစိုးရဝန်ထမ်းတွေကိုလည်း အလုပ်ရပ်ဆိုင်းဖို့ တာလီဘန်အုပ်ချုပ်ရေးအဖွဲ့က အမိန့်ပေးခဲ့တာပါ။
တာလီဘန်တွေ အာဏာရခဲ့တဲ့ အုပ်ချုပ်မှု နှစ်ရပ်အကြား အနှစ် ၂၀ ကာလအတွင်း အမျိုးသမီးတွေဟာ ပညာရေး၊ လုပ်ငန်းခွင်နဲ့ လူထုဘဝတွေမှာ အကျိုးအမြတ်အချို့ ရရှိခဲ့ပေမယ့် ရှေးရိုးဆန်တဲ့ အယူအဆတွေက လွှမ်းမိုးနေဆဲဖြစ်ပါတယ်။
ဘာသာရေး ပညာရှင်နဲ့တက်ကြွလှုပ်ရှားသူ အများအပြားကတော့ အဲဒီခေါင်းမြီးခြုံဝတ်ရုံ အစ္စလာမ်ဘာသာမှာ အခြေအမြစ်မရှိသလို အမျိုးသမီးတွေကို ဖိနှိပ်ဖို့ တာလီဘန်တွေရဲ့ ၀တ်စားဆင်ယင်မှုအတွက်သတ်မှတ်တဲ့ စည်းမျဉ်းတစ်ခုသာဖြစ်တယ်လို့ ဆိုကြပါတယ်။