သန်လျင်မှာ စစ်အုပ်စုလက်အောက်ခံ စရဖ တာဝန်ခံတစ်ဦး ရှင်းလင်းခံရ

ရန်ကုန်မြို့ သန်လျင်မြို့နယ် အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတာဝန်ခံ ဦးဇော်ထွန်းကို သန်လျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၁၁ ရက်နေ့ မနက် ၇ နာရီ ၅ မိနစ်ခန့်မှာ သန်လျင်မြို့ အောင်ချမ်းသာ ကွန်ကရစ်လမ်းမ WH Hotel အနီးမှာ ဦးဇော်ထွန်း ကားမောင်းလာချိန် ပကခတပ်ဖွဲ့ဝင်တွေက ဘေးချင်းယှဉ်မောင်းပြီး သုံးကြိမ်တိုင်တိုင် သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။
ကျည်ထိမှန်ပြီးနောက် ဦးဇော်ထွန်းရဲ့ကားဟာ လမ်းဘေးဓာတ်တိုင်ကို ဝင်ရောက်တိုက်ပြီး ကားလည်း တိမ်းမှောက်သွားတယ်လို့ သိရပါတယ်။
ဦးဇော်ထွန်းဟာ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူအပြီးမှစတင်ကာ တရားမဝင် စီးပွားရေး လုပ်ကိုင်သူတွေနဲ့ ပူးပေါင်းကာ ငွေကြေးချမ်းသာလာသူဖြစ်ပြီး အခုတိမ်းမှောက်သွားတဲ့ မော်တော်ယာဉ်ဟာ မကြာသေးခင်ကမှ ဝယ်ယူထားတဲ့ မော်တော်ယာဉ်ဖြစ်တယ်လို့ Thanlyin Channel က ဖော်ပြထားပါတယ်။