ပစိဖိတ်သမုဒ္ဒရာအတွင်း တရားမဝင်ငါးဖမ်းလုပ်ငန်းတွေကို တိုက်ဖျက်မယ်လို့ အမေရိကန် ကြေညာ

Photo – Reuters

ပစိဖိတ်ဒေသအတွင်း တရားမဝင်ငါးဖမ်းလုပ်ငန်းတွေ တိုက်ဖျက်ရေးအစီအစဉ်ကို မကြာမီ ကြေညာတော့မှာဖြစ်တယ်လို့ အမေရိကန် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး Kurt Campbell က မေလ ၉ရက်နေ့မှာ  ပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့  ဒေသတွင်းနဲ့ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှု တိုးမြှင့်ခြင်း တစ်စိတ်တစ်ပိုင်းအဖြစ် အခုလို လုပ်ဆောင်တာပါ။

အင်ဒို-ပစိဖိတ်ဒေသရှိ နိုင်ငံအများအပြားဟာ တရုတ်နိုင်ငံရဲ့များပြားလှတဲ့ ငါးဖမ်းရေယာဉ်တွေကြောင့် စိတ်ကသိကအောက်ဖြစ်ကြရပါတယ်။ 

တရုတ်ရဲ့သင်္ဘောတွေတွေဟာ သူတို့ရဲ့သီးသန့် စီးပွားရေးဇုန်တွေကနေ  မကြာခဏ ချိုးဖောက်လာတာကြောင့်  သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေနဲ့စီးပွားရေး ဆုံးရှုံးမှုတွေကို  ဖြစ်စေတယ်လို့ ဆိုပါတယ်။

လာမယ့်သီတင်းပတ်မှာ သွားရောက်မယ့် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အာရှခရီးစဉ်အတွင်းမှာ  သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်တဲ့ Quad အုပ်စုဟာ တိုကျိုမြို့မှာ တွေ့ဆုံကြမှာဖြစ်ပြီး တရုတ်ရဲ့ ဩဇာကြီးမားလာမှုကို တန်ပြန်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ မြင့်တင်ရေး ဆွေးနွေးကြမယ်လို့ Campbell က ပြောပါတယ်။ 

နှစ်နိုင်ငံသဘောတူညီချက်အရ သက်ဆိုင်ရာသီးသန့်စီးပွားရေးဇုန်တွေမှာ ငါးဖမ်းဖို့နဲ့ တရားမဝင် ငါးဖမ်းခြင်းကို နှိမ်နင်းဖို့ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေတယ်လို့ တရုတ်က ဆိုပါတယ်။  

အလွန်အကျွံ အမြတ်ထုတ်ထားတဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်း ပြိုင်ဆိုင်နေကြတဲ့ နိုင်ငံတွေအကြား တင်းမာမှုတွေ တိုးလာနိုင်ပြီး ကမ္ဘာ့ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ထိပ်တန်းခြိမ်းခြောက်မှု တစ်ရပ်ဖြစ်လာနိုင်တယ် ၊ ဒါ့ကြောင့်  တရားမဝင်ငါးဖမ်းတာဟာ ပင်လယ်ဓားပြတွေထက် ပိုဆိုးတယ်လို့ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။