ထိုင်းတော်ဝင်မိသားစုကို သရော်တယ်လို့ဆိုတဲ့ ပရိုမိုးရှင်းဗီဒီယိုတစ်ခုကြောင့် ထိုင်းစစ်တပ်က Lazada ကုမ္ပဏီဆီက အော်ဒါမှာယူမှုတွေ ရပ်ဆိုင်းပြီး သပိတ်မှောက်လိုက်ပါတယ်။
Lazada ဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး e-commerce ၀က်ဘ်ဆိုက်တွေထဲက တခုဖြစ်ပါတယ်။
ထိုင်းစစ်တပ်အတွင်းက Lazada အက်ပလီကေးရှင်း သုံးစွဲသူ ၂၄၅,၀၀၀ ကျော်ကို အသုံးပြုခွင့် ပိတ်ပင်လိုက်ပြီး Lazada ကုမ္ပဏီက ပစ္စည်းမှာယူတာတွေကိုလည်း ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းစစ်တပ်က မေလ ၉ ရက်နေ့မှာ ပြောပါတယ်။
ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်နေတဲ့ ထိုင်းရိုးရာဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးကို အသားပေး ဖော်ပြထားတဲ့ Lazada ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်က ဗွီဒီယိုဟာ တော်ဝင်မိသားစုဝင်တစ်ဦးကို ရည်ညွှန်းတာ ဖြစ်တယ်ဆိုပြီး ဘုရင့်သစ္စာခံပြည်သူတွေက တိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုနဲ့ပတ်သတ်လို့ တင်းကြပ်တဲ့ ဥပဒေတွေရှိပြီး ဘုရင်ကြီး မဟာဝဇီယာလောင်ကွန်း ၊ မိဖုရား ၊ အမွေဆက်ခံသူတွေကို အသရေဖျက်မှု စော်ကားမှု ခြိမ်းခြောက်မှုတစ်ခုစီအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
ဒစ်ဂျစ်တယ်စီးပွားရေးနဲ့လူမှုရေးဝန်ကြီး Chaiwut Thanakamanusorn က အစိုးရအနေနဲ့ ဗီဒီယိုအတွက်တာဝန်ရှိတဲ့ကြော်ငြာအေဂျင်စီတွေနဲ့ Lazada တို့အပေါ် အရေးယူဖို့ စဉ်းစားနေတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အဆိုပါ ဗီဒီယိုဟာ ဘုရင်စနစ်ကို စော်ကားပြီး ထိုင်းလူ့အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုတွေ ဖြစ်စေတယ်လို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Sirichan Ngathong (စီးရချန်း နားထောင်) က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုအခါ စစ်တပ်ဟာ Lazada ကို ပစ္စည်းတွေ ပေးပို့တာ ဒါမှမဟုတ် Lazada ကနေ ကုန်ပစ္စည်းမှာယူတာတွေကို စစ်တပ်အဖွဲ့တွင်းမှာသာမက စစ်တပ်နဲ့ဆက်နွယ်တဲ့ လှုပ်ရှားမှုတွေမှာ တားမြစ်ဖို့ မူဝါဒတစ်ရပ် ရှိလာပါပြီ လို့ Sirichan က ပြောကြားခဲ့ပါတယ်။
Alibaba Group Holdings ရဲ့ အရှေ့တောင်အာရှ လက်ရုံးဖြစ်တဲ့ Lazada ဟာ သပိတ်မှောက်မှုအပေါ် မှတ်ချက်တစ်စုံတရာ မပေးခဲ့ပါဘူး။ ဗီဒီယိုကြောင့် ဖြစ်ပေါ်လာတဲ့ “စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ” အတွက် အစောပိုင်းက တောင်းပန်ခဲ့ပြီးပါပြီ ဒါကို နောက်ပိုင်း ပိုသတိထားသင့်တယ်လို့ ပြောဆိုထားပါတယ်။