၃ ရက်တာ ရေရှင်ရွာခုခံတိုက်ပွဲ အကြမ်းဖက်စစ်သား ၁၄ ဦးထက်မနည်းသေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ၃ ရက်တာ ရေရှင်ရွာခုခံတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၃ ရက်တာ ရေရှင်ရွာခုခံတိုက်ပွဲဟာ မေ ၈ ရက်နေ့ကနေ ဒီနေ့အထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ရေရှင်ရွာဘက် ဦးတည်လာတဲ့ အကြမ်းဖက်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးပစ်ကူ အလုံးအရင်းအသုံးပြုပြီး ရေရှင်ရွာဘက်ချဉ်းကပ်လာရာ ပူးပေါင်းတပ်ဖွဲ့အနေနဲ့ ထိရောက်စွာဆက်လက်ခုခံဖို့ လက်နက်ခဲယမ်း မလုံလောက်တော့တာကြောင့် မနက် ၉ နာရီလောက်မှာ ရေရှင်ရွာကနေ ဆုတ်ခွာခဲ့ရကြောင်း ကလေး PDF က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတို့ဟာ ရေရှင်ရွာထဲဝင်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
မေ ၉ ရက်နေ့မှာ မနက် ၈ နာရီလောက်ကနေ ညနေ ၄ နာရီအထိ ရေရှင်ရွာအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးကာ ကလေး PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ပါတယ်။
မေလ ၈ ရက် နေ့မွန်းလွဲပိုင်းကလည်း အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ရေရှင်ရွာဘက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ကလေး PDF၊ CDF(KKG) နဲ့ပကဖ ပူးပေါင်းတပ်ဖွဲ့တို့ ခုခံတိုက်ခိုက်ခဲ့ရာ ည ၇ နာရီကနေ ည ၁၀ နာရီ အထိတိုက်ပွဲပြင်းထန်ခဲ့ကာ အကြမ်းဖက်စစ်သား အနည်းဆုံး ၁၀ ဦးလောက် သေဆုံးခဲ့ပါတယ်။