အရည်အသွေးရှိတဲ့ပညာရပ်တွေပေးနိုင်ဖို့ နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ အဓိပတိအဖြစ် တာဝန်ယူခဲ့တာလို့ ဒေါက်တာသိန်းလွင်ပြော

Photo – Dr.Thein Lwin FB
ဒေါက်တာသိန်းလွင်ကိုနွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ အဓိပတိအဖြစ် ခန့်အပ်ကြောင်း မေလ ၉ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် တစ်စိုက်မတ်မတ်လှုပ်ရှားဆောင်ရွက်ခဲ့သူ ဒေါက်တာသိန်းလွင်ဟာ နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ ပထမဦးဆုံး အဓိပတိဖြစ်လာခဲ့တာပါ။
NUG အစိုးရ အဖွဲရဲ့ ပညာရေးဝန်ကြီးအဖြစ် တာဝန်ယူဖို့ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ အဓိပတိတာဝန်ကိုသာယူခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာသိန်းလွင်က သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ မှာရေးသားထားပါတယ်။
” ဒေါက်တာဇော်ဝေစိုးက ကျနော့်အား ပညာရေးဝန်ကြီး တာဝန်ယူရန်ကမ်းလှမ်းခဲ့ပါသည်။ ကျနော်ငြင်းပယ်ခဲ့ပါသည်။ အကြောင်းမှာ NUG သည် တော်လှန်ရေးတာဝန်ထမ်းဆောင်နေသည်ဖြစ်၍ တော်လှန်ရေးကို ဦးဆောင်နေသူများသာ ဝန်ကြီးဌာနကိုတာဝန်ယူသင့်သည်ဟု ထင်မြင်ယူဆသောကြောင့်ဖြစ်ပါသည်။ ဒေါက်တာဇော်ဝေစိုးကိုသာ ပညာရေးဌာနကို ဆက်လက်တာဝန်ယူရန် အကြံပြုခဲ့ပါသည်” လို့ ရေးသားထားတာပါ။
ဆရာအတတ်ပညာရပ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အရည်အသွေးရှိပညာရပ်တွေကို ပေးနိုင်ဖို့နဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ဖို့ နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ အဓိပတိတာဝန်ကိုရယူခဲ့တာဖြစ်တယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။
နွေဦးဆရာအတတ်သင်တက္ကသိုလ်ဟာ ပညာရေးတက္ကသိုလ်အသီးသီးက CDM ဆရာ၊ဆရာမတွေ စုပေါင်းတည်ထောင်ထားတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။
ဒေါက်တာသိန်းလွင်ဟာ NLD ပညာရေးကွန်ရက်တာဝန်ခံတစ်ဦးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ရဲ့ ကိုယ်စားလှယ်တာဝန် ယူခဲ့သူလည်း ဖြစ်ပါတယ်။