စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြင်းကျကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းကို ဗိုလ်လင်းရောင် ဦးဆောင်တဲ့ ခင်ဦးမြို့နယ် KSOအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Khin U Support Organizationက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ၈ရက်နေ့ ညနေပိုင်းမှာ မြင်းကျကျေးရွာကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးပြီး ရေဦးမြို့ဘက်ကို ပြန်လာတဲ့ စစ်အုပ်စုရဲ့ ကားသုံးစီးကို အင်းပတ်ကွေ့အနီးမှာ ဗိုလ်လင်းရောင် ဦးဆောင်တဲ့ ခင်ဦးမြို့နယ် KSOအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
စစ်အုပ်စုရဲ့ ကားတွေမှာ အဝေးထိန်းစနစ်ဖြတ်တောက်ရေးကရိယာတွေ တပ်ဆင်ထားပေမယ့် မိုင်း၄လုံးမှာ ၂လုံးပေါက်ကွဲခဲ့ပြီး ကားတစ်စီးထိမှန်သွားခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းမှာ အင်တာနက်ဖြတ်တောက်ထားပြီး ပြည်သူတွေရဲ့ ကျေးရွာတွေကို အကြောင်းမဲ့ ဖျက်ဆီးမီးရှို့ပြီး စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေပါတယ်။