မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အတိုင်ပင်ခံ အစည်းအဝေးရလဒ်ကို အင်မတန်စိတ်ပျက်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၂ခုနှစ် မေလ၆ရက်နေ့၊ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာ ကျင်းပတဲ့ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်ရေး အတိုင်ပင်ခံအစည်းအဝေး ရလဒ်နဲ့ပတ်သက်ပြီး မနေ့ညက ကြေညာချက်ထုတ်ပြန်လိုက်တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ ၊တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ (EROs)၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ(EAOs)နဲ့ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတို့လို မြန်မာနိုင်ငံရဲ့ အခြားအရေးပါတဲ့ သက်ဆိုင်သူတွေကို အတိုင်ပင်ခံအစည်းအဝေးကနေ တမင်ဖယ်ထုတ် ထားပြီး အဲဒီလိုဖယ်ထုတ်ထားခြင်းကြောင့် အစည်းအဝေးရလဒ်ဟာ စစ်အုပ်စုရဲ့ ကိုကိုလှိုင် ဦးဆောင်တဲ့ အဖွဲ့ကို အာဆီယံ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ တုံ့ပြန်မှုမှာ ဗဟိုချက်နေရာ ရရှိစေခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးပို့မှု မူဘောင်ကို အကောင်အထည်ဖော်ဖို့ တိုင်းနဲ့ ပြည်နယ်တွေနဲ့ အကောင်အထည်ဖော်သူတွေကို ရွေးချယ်ခန့်အပ်ဖို့ကိစ္စတို့ကို စစ်အုပ်စုက ဆောင်ရွက်ရေး အားပေးရာ ရောက်ကာ စစ်အုပ်စုရဲ့စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်ရေး ယန္တရားကို ပိုမိုခိုင်မာလာစေနိုင်ကြောင်း သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs/ERO)တွေကို စစ်အုပ်စုရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေး ကော်မတီမှာ ပါဝင်လာစေဖို့ စစ်အုပ်စုက နိုင်ငံရေး လုပ်ကွက်အဖြစ် ဖိအားပေးလာနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ ၊တိုင်းရင်းသားတော်လှန်ရေးအင်အားစုနဲ့ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေကို အတိုင်ပင်ခံအစည်းအဝေးမှာ ချန်လှပ် ထားခြင်းဟာ အာဆီယံအခြေခံမူငါးချက်မှာဖော်ပြထားတဲ့မူနဲ့ အခြေအနေတွေကို အခြေခံအားဖြင့် ဆန့်ကျင်ကြောင်း
လက်တွေ့ဖြစ်ပေါ်နေတဲ့ မြေပြင်အခြေအနေတွေနဲ့ စစ်အုပ်စုအပေါ် ပြည်သူ ယုံကြည်မှု ကင်းမဲ့လာခြင်းတို့ကြောင့် အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ထိရောက်စွာပေးပို့ခြင်းကို အဟန့်အတားဖြစ်စေကြောင်းဒါ့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်အုပ်စုနဲ့ပတ်သက်ခြင်းမရှိဘဲ လူသားချင်းစာနာမှု ဆိုင်ရာအကူအညီတွေ အမြန်ပေးအပ်နိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော်ကွန်ရက်တွေကို အသုံးပြုမယ်လို့ အာဆီယံခေါင်းဆောင်တွေနဲ့ အလှူရှင်တွေကို အသိပေး အကြောင်းကြား ထားပြီး ဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အာဆီယံခေါင်းဆောင်တွေနဲ့အလှူရှင်တွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖွဲ့ရဲ့ အကြံပြုချက်ဖြစ်တဲ့ မတူကွဲပြားတဲ့ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုကွန်ရက်တွေနဲ့ အခြေခံကျကျ ထိတွေ့ ဆက်ဆံမှုကို တည်ဆောက်ကာ လိုအပ်နေတဲ့ အသိုက်အဝန်းအားလုံးကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ဖို့ တိုက်တွန်းကြောင်းလည်းထုတ်ပြန်ထားပါတယ်။