အာဖဂန်အမျိုးသမီးတွေ အနေနဲ့ လူမြင်ကွင်းမှာ သွားလာတဲ့အခါ ဦးခေါင်းမှ ခြေဖျားထိ ဖုံးအုပ်ဝတ်ဆင်ဖို့ တာလီဘန်တွေက မေလ ၇ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဒီလို ပြတ်သားပြီတင်းကြပ်တဲ့ စည်းမျဉ်းဟာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အဆိုးရွားဆုံးကြောက်ရွံ့မှုဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး ယုံကြည်လျော့ကျနေပြီးသားဖြစ်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆက်ဆံရေးအတွက် တာလီဘန်အနေနဲ့ ပိုမိုရှုပ်ထွေးစေမှာ ဖြစ်ပါတယ်။
အမျိုးသမီးတွေဟာ လိုအပ်တဲ့အချိန်မှသာ အိမ်မှထွက်သင့်ပြီး ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်း ချိုးဖောက်ခဲ့မယ်ဆိုရင် သူတို့ရဲ့ ဆွေမျိုးဖြစ်သူ အမျိုးသားတွေဟာ တရားရုံး ဆင့်ခေါ်ခံရမှာဖြစ်ပြီး ထောင်ဒဏ်အထိ ပြစ်ဒဏ်ကျခံရမယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။
အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင်က အခုဆုံးဖြတ်ချက်နဲ့ပတ်သတ်လို့ တာလီဘန်တွေဆီက ရှင်းလင်းချက်ရယူသွားမည်ဖြစ်ပြီး တရားဝင်ညွှန်ကြားချက်တစ်ရပ် ဖြစ်ပုံရတဲ့အတွက် အလွန်စိုးရိမ်မိကြောင်း ပြောကြားခဲ့ပါတယ်။
“ဒီဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ညှိနှိုင်းဆွေးနွေးမှုတွေမှာ တာလီဘန် ကိုယ်စားလှယ်တွေက နိုင်ငံတကာအသိုင်းအဝိုင်းကို တင်ပြခဲ့တဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အပါအဝင် အာဖဂန်ရဲ့ လူ့အခွင့်အရေးအားလုံးကို အလေးထားဖို့ အကာအကွယ်ပေးဖို့ အာမခံချက်တွေနဲ့ ဆန့်ကျင်နေတယ်” လို့ ကုလသမဂ္ဂ ကြေညာချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ဆုံးဖြတ်ချက်ဟာ ပိုဆိုးလာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကြောင့် တိုင်းပြည် နစ်မွန်းနေချိန် အလားအလာရှိတဲ့ နိုင်ငံတကာအလှူရှင်တွေဆီ အသိအမှတ်ပြုမှုရရေး တာလီဘန်တွေရဲ့ ကြိုးပမ်းမှုကို အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။