ငပုတောမြို့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူ ပြည်သူ ၃ဦးကို စစ်အုပ်စုက ထောင်ဒဏ်ချမှတ်

ဧရာဝတီတိုင်း ငပုတောမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းယူမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူ ၃ဦးကို စစ်အုပ်စုရဲ့ ပုသိမ်အကျဉ်းထောင်တွင်း တရားရုံးက မနေ့က မေလ ၆ရက်နေ့မှာ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။
ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကိုမင်းထွဋ်သွင်နဲ့ ကိုဇော်ရဲနောင်(ခ) ကိုငုံးဥကို ပုဒ်မ ၅၀၅-ကအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅နဲ့ အမှုနှစ်ခုပေါင်း ထောင်ဒဏ် ၄နှစ် ချမှတ်ခဲ့ပြီး၊ ပိုးလောင်းကျေးရွာမှာ ဦးစိုးဝင်း(ခ) ကိုစိုးကြီးကို ပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
“သူတို့အဖမ်းခံထားရတာက တစ်နှစ်လောက်ရှိပြီ အခုမှ အမိန့်ချတာ လျှော့ရက်ခံစားခွင့်ရတယ်လို့ ကြားတယ်”လို့ ပုသိမ်မြို့အကျဉ်းထောင်အတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးကပြောပါတယ်။
ပုသိမ်အကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ခွဲခြားဆက်ဆံမှုတွေရှိနေခဲ့ပြီး ​ထောင်တွင်းဆန္ဒထုတ်ဖော်မှုတွေလည်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရပါတယ်။